Welcome, visitor! [ Register | LoginRSS Feed  | 

စုပေါင်း​နွှဲပျော် တောင်​ကြီး​တန်ဆောင်တိုင် ပွဲတော်

| Tradition | 2013年11月18日

taungyi

Written by မင်း​ထက်​စံ
မနက် ၅ နာရီ အေး​သာယာ အဝေး​ပြေး​ဝင်း​သို့ ရောက်​ရှိ​လာ​သည်။ အအေး​ဓာတ်​သည် မြေ​ပြန့်​မှ လာ​သူ​အဖို့ အရိုး​ကွဲ​မတတ် ခံစား​ရ​သည်။ တောင်​ကြော​အတိုင်း မြွေ​လိမ်​မြွေ​ကောက် လမ်း​ဖြင့် တောင်ကြီးမြို့​သို့ လိုက်​ထ​ရပ်​ကား​ဖြင့် တက်​လာ​သည့်​အချိန် ပို​၍​အေး​သည်။ ခိုက်⁠ခိုက်​တုန်​အောင် ချမ်း​သည်။
အဝေး​ပြေး ကားပေါ်​တွင် တစ်​ည​တာ နိုး​တစ်ဝက် အိပ်​တစ်ဝက်​နှင့် ခရီး​ဆက် လာ​သ​ဖြင့် တောင်​ကြီး မီး​ပုံ​ပျံ ကွင်း​အနီး တည်းခို​သည့် နေအိမ်​တွင် သုံး​နာရီ​ခန့် အိပ်စက်​လိုက်​သည်။ အိပ်ရာ နိုး​သည်​နှင့် တံခါး ဖွင့်​လိုက်​သော​အခါ မြင်​လိုက်​ရ​သည်​က ‘၁​၃​၇​၅ ခု​နှစ် တောင်​ကြီး မြို့တော် တန်ဆောင်တိုင်​ပွဲတော်’ ဟူ​သော မုခ်​ဝ။ တောင်​ကြီး တန်ဆောင်တိုင် မီး​ပုံ​ပျံ​ကွင်း အတွင်း​ရှိ မြေနီ​တို့​တွင် အစို​ဓာတ်​များ မြင်​ရ​သည်။ သေချာ​သည်၊ မနေ့​ည​က မိုးရွာ​ထား​သည်။
မြို့​ပြင်​တွင်​ရှိ​သော မီးပုံးပျံ​ကွင်း​မှ တောင်​ကြီး မြို့​ထဲ​သို့ သွား​ရန် ဆိုင်​ကယ်​ဖြင့် ထွက်​အလာ တောင်​ကြီး တက္ကသိုလ် လမ်း​ထောင့်​တွင် အမှိုက်​များ စုပုံ​နေ​ခြင်း​သည် ည​က မိုး​သည်းထန်​စွာ ရွာ​သွန်း​ထား​သ​ဖြင့် မီးပုံးပျံ​ပွဲ​မှ အမှိုက်​များ ရေစီး​ဖြင့် မျော​လာ​ခြင်း ဖြစ်​ကြောင်း သက်သေပြ​နေ​သည်။
“ည​က မိုးတော်တော်​သည်း​တော့ ဈေးရောင်း မ​ကောင်း​ဘူး” ပွဲ​ဈေး​တန်း​တွင် ရှမ်း​အစားအသောက် ရောင်း​သည့် ဈေးသည်​တစ်​ဦး​က ပြော​ပြာ​သည်။
တောင်ကြီးမြို့​သည် ဆိုင်​ကယ် အစီး​ရေ​များ​သော မြို့​ဟု ဆို​ရ​မည် ဖြစ်​သည်။ လူ​ငယ်​လူကြီး အတော်တော်​များ​များ ဆိုင်​ကယ် စီး​ကြ​သည်။ ဝမ်း​တူး​ဖိုက်၊ က​လစ်​ဆိုင်​ကယ် အမျိုး​မျိုး။ အနောက် မြို့​ပတ်​လမ်း​သို့ ရောက်​တော့ သံ​ဃာတော်​များ စုရုံး စုရုံး။ လူ​ပုဂ္ဂိုလ်​များ​လည်း ပါ​သည်။ ဆိုင်း​ဘုတ်​များ​လည်း ကိုင်​တာ တွေ့​လိုက်​တော့ ဆန္ဒ​ထုတ်ဖော်​သည် ဆို​သည်​ကို သိ​လိုက်​သည်။ သ​တင်း​သမား တစ်​ယောက် ဖြစ်​သည့်​အတွက် ဆိုင်​ကယ်​ကို​ရပ်၊ ကင်​မ​ရာ​ထုတ်​ပြီး တ​ဖျပ်​ဖျပ် ရိုက်​ရ​တော့​သည်။
ဆန္ဒ​ပြ​ကြ​သည့် အကြောင်းအရာ​က အမြို့​မြို့ အနယ်​နယ်​တိုင်း​တွင် ဆန္ဒဖော်​ထုတ်​နေ​ကြ​သည့် အတိုင်း OIC ကိစ္စ ဖြစ်​သည်။
ဆန္ဒ​ထုတ်ဖော်​သည့် သံ​ဃာတော်​များ​နှင့် လူ​ပုဂ္ဂိုလ်​တို့​၏ လက်​ထဲ​တွင် OIC အလို​မ​ရှိ​ဟု ရေးသား ထား​သည့်​စာ​များ OIC စာလုံး​ကို ကြက်ခြေ ခတ်​ထား​သည့် ဆိုင်း​ဘုတ်​များ​ကို ကိုင်​ဆောင်​ကာ ဆန္ဒ ထုတ်ဖော် ခဲ့​ကြ​သည်။
မြန်​မာ့​ဆက်​သွယ်​ရေး က​လည်း အလိုက်​တ​သိ​ပင် ထို​အချိန် ဖုန်း​လိုင်း​များ ဆက်​၍​မ​ရ​တော့။ လိုချင်​သော သ​တင်း​ဓာတ်​ပုံ​များ​လည်း ရ​လိုက်​ပြီ​ဆို​တော့ တောင်ကြီးမြို့​၏ အထင်​ကရ ဗိုလ်​ချုပ်​လမ်း​ဘက်​သို့ ထွက်​လာ​သည်။
တောင်​ကြီး စည်ပင်​သာ​ဈေး​ကို ကျော်​လာ​သည်​နှင့် တိုက်ဆိုင်​မှု တစ်​ခု​ကို တွေ့​လိုက်​ရ​သည်။ ထို​သည် ကား အစ္စ​လာမ် ဘာသာ​ဝင်​တို့​၏ ဘာသာ​ရေး​အရ ရှီး​ယိုက် မျိုး​နွယ်​တစ်​အုပ် အလံ​အနက်​ကို ကိုင်​ဆောင်​လျက် လှမ်း​လျှောက်​လာ​ခြင်း ဖြစ်​သည်။
အသက် ၂​၀ အရွယ်​နှင့် အသက် ၄​၀ ကျော် ဝန်းကျင်​အရွယ် အမျိုးသား ရှစ်​ဦး​ခန့်​သည် ဘာသာ​ရေး အရ သံကြိုး​ဖြင့် ကျော၊ ရင်ဘတ်​တို့​တွင် ရိုက်​ကြ​ပြီး ပါး​စပ်​မှ​လည်း ရွတ်​ဆို​သံ​များ ကြား​ရ​သည်။ တစ်​ခါ​မှ မ​မြင်​ဖူး​သ​ဖြင့် အထူး​အဆန်း တစ်​ခု​တစ်​ဖွယ် ကြည့်​နေ​မိ​သည်။
ကင်​မ​ရာ ကိုင်​ထား​သည့် လက်​ပင် သွေး​များ​ကို မြင်​မိ​ပြီး ကြက်သီး​များ ထ​လာ​သည်။ ဓာတ်​ပုံ​ငါး​ပုံ ခြောက်​ပုံ ရိုက်​ပြီး သွေး​ထွက်​နေ​သည်​ကို မ​ကြည့်​လို​တော့​သ​ဖြင့် ထွက်​လာ​လိုက်​သည်။ ညနေ ၃ နာရီ​ခန့်​တွင် မိုးပေါက်​များ တစ်​ပေါက်​နှစ်​ပေါက် ခဏ​ကျ​ကာ ပြန်​တိတ်​သွား​သည်။
တောင်​ကြီး တန်ဆောင်တိုင် မီး​ပုံ​ပျံ ကွင်း​ထဲ​တွင်​တော့ အလှ​ပြ မီးပုံး​များ လွှတ်​နေ​ကြ​သည်။ ဒေါင်း​စိမ်း​ကြီး​က စွင့်⁠စွင့်​ကား⁠ကား​ဖြင့် ဖောင်း​လာ​ပြီး အောက်​က မီးတိုက်​သူ​များ​က တိုက်​ကြ​သည်။ စဉ်းစား​မိ​သည်။ ဦးကျော်​ရင်​သည် မီး​ပုံ​ပျံ​ကို အဘယ်​ကဲ့သို့ အိုင်​ဒီ​ယာ​ဖြင့် တီထွင် နိုင်​ခဲ့​သ​နည်း။
ညနေ ၅ နာရီ ကျော်​သည်​နှင့် နေမင်း​ကြီး​သည် အနောက်​ယွန်း​ယွန်း ဆီ​သို့ ထိုး​ဝင်​သွား​တော့​သည်။ အမှောင်​သည် တ​ဖြည်း​ဖြည်း ကြီးစိုး​လာ​သည်။ ညနေ ၆ နာရီ​သည် မိုးချုပ်​သွား​ပြီ ဖြစ်​သည်။
မီးပုံးပျံ​ကွင်း​သို့ လာ​သည့် ပွဲ​ခင်း​လမ်း​ကို ပိတ်ကာ ယာဉ်​ထိန်း​တို့​က ခရာမှုတ်​ကာ လမ်းလွှဲ​ခိုင်း​သည်။ ယခင်​ည​က မိုး​ရွာသော်​လည်း ယနေ့​ည​တွင်​တော့ ရာသီ​ဥတု​က သာယာ​နေ​သည်။
ည ၈ နာရီ​ခွဲ​တွင် စိန်​နားပန်​ဟု ခေါ်​သည့် အလှ​ပြ မီးပုံးပျံ​ကို ပြည်ထောင်​စု ကြံ့ခိုင်​ရေး​နှင့် ဖွံ့ဖြိုး​ရေး​ပါ​တီ​က မီးပုံး​လေး​များ ချိတ်ဆွဲ​ကာ စတင်​လွှတ်​တော့​သည်။ မီးပုံးပျံ အလုံး​တွင် ပြည်​သူမျှော်​မှန်း​ဟု ရေးသား​ထား​ပြီး အောက်​တွင် တွဲ​လောင်း ချိတ်​ထား​သည့် မီးပုံး​များ​တွင် ငြိမ်း​ချမ်း​ရေး​လမ်း​ဟု ရေးသား​ထား​သည်။
‘ပြည်​သူမျှော်​မှန်း ငြိမ်း​ချမ်း​ရေး​လမ်း’ မီးပုံးပျံ​ကြီး​သည် ကောင်းကင်​ထက်​သို့ တ​ဖြည်း​ဖြည်း တက် သွား​တော့​သည်။
အမှန်​တကယ် ငြိမ်း​ချမ်း​သော လမ်း​သည် အထက်​ဘဝဂ်​အထိ တက်​လာ​လျှင် တော်တော်​ကောင်း မည်​ဟု တွေး​လိုက်​မိ​သည်။
ထို့နောက် သု​ဓနု​အဖွဲ့​က မီးပုံးပျံ လွှတ်​ရန် ပြင်ဆင်​ကြ​သည်။ ထို​မီးပုံးပျံ​က မီး​ဆွဲ​ကြီး ဖြစ်​သည်။ မီးပုံးပျံ အလုံး​တွင် ရှမ်း​အိုးစည် တီး​နေ​သည့် ရုပ်ပုံ​ကို သ​ရုပ်ဖော်​ထား​ပြီး အလှ​များ ဆင်​ထား​သည်။ မီးပုံးပျံ​ကြီး​သည် တ​ဖြည်း​ဖြည်း ဖောင်း​တက်​လာ​သည်။ ဖောင်း​တက်​နေ​သည့် အချိန်​တွင် ယမ်း​ဆွဲ​ကြီး​များ​ကို ချိတ်​ကြ​ရ​သည်။
မီးပုံးပျံ​ကြီး​သည် တ​ဖြည်း​ဖြည်း တက်​သွား​သည်။ ကောင်းကင်​သို့ ပေ​တစ်​ရာ​ခန့် အမြင့်​အရောက်​တွင် မီးပန်း​ကြီး​များ စ​ပစ်​တော့​သည်။ အောက်​တွင် ကြည့်​ရှု​နေ​ကြ​သူ​များ ထွက်ပြေး​ကြ​သည်။ အမြင့်​ရောက်​လေ မီးပန်း​များ​က ဖွာ​ထွက်​လေ​ဖြင့် တော်တော်​လှ​သည်။
ည ၉ နာရီ အချိန်​ခန့်​တွင် မီးပုံးပျံ ကွင်း​တွင် လူ​အပြည့်။ ထို​ကဲ့သို့ လူ​များ​သည်​ကို​ပင် ယခင် နှစ်​များ​လောက် မ​စည်ကား​ဟု ဒေသ​ခံ​များ​က တူညီ​စွာ ပြောဆို​နေ​ကြ​ဆဲ။
ယခင်​နှစ်​များ​က မီးပုံးပျံ​ကွင်း​တွင် လူ​ပြည့်​လျှံ​ရုံ သာ​မက ပွဲ​ဈေး​ခင်း​များ​တွင်​လည်း ကြိတ်⁠ကြိတ်​တိုး။ လောင်း​ကစားဝိုင်း များ​တွင်​လည်း တစ်​ထောင်​တန်၊ ငါး​ထောင်​တန်​များ ပြန့်​လျက်။ ပွဲ​ဈေး​ခင်း​တွင်​လည်း နိုက်​ကလပ်​ကဲ့သို့ ဒစ်​စ​ကို သံ​စဉ်​များ​က မြူး⁠မြူး​ကြွ​ကြွ။ အဆိုတော်​များ​နှင့် သီ​ဆို သည့် ပွဲ​များ​က​လည်း တ​စည်​စည်။ ယခု​နှစ်​တွင်​တော့ လောင်း​ကစားဝိုင်း မ​ပါ။ နိုက်​ကလပ် ကဲ့သို့​မ​ပါ။ အဆိုတော်​များ ဖိတ်​သည့် ရှိုး​ပွဲ​မ​ပါ။
ထို့​အတွက် ယခင်​နှစ်​တွေ​လောက် လူ​မ​စည်​ဟု ဆို​ကြ​သည်။ အဖိတ်နေ့​နှင့် လ​ပြည့်​နေ့​တွင် လူစည်​လိမ့်​မည်​ဟု ပွဲ​ဈေး​တန်း ဈေးရောင်း​သူ​တို့​က မျှော်လင့်​နေ​ကြ​ဆဲ။
နိုဝင်ဘာ ၁​၅ ရက်​နေ့ ည​သည် အအေး​မ​ပိုသော်​လည်း မြေ​ပြန့်​သား​အဖို့ တော်တော်​အေး​သည်။ ၁​၀ နာရီ​ခွဲကျော်​တွင် လူကဲ​အဖွဲ့​က မီးပုံးပျံ လွှင့်​တင်​တော့​မည် ဖြစ်​သည်။ ဗုဒ္ဓ​ရုပ်​ပွားတော် ပုံတော်​ကို မီးပုံးပျံ​တွင် ပန်းချီ ရေး​ဆွဲထား​သည်​က တော်တော် သပ္ပာယ်​သည်။
မီးပုံးပျံ​ကြီး​သည် တ​ဖြည်း​ဖြည်း ဖောင်းကြွ​နေ​ချိန် ယမ်း​မီး​များ ချိတ်ဆွဲ ပြီး​သည်​နှင့် တ​ဖြည်း​ဖြည်း တက်​သွား​တော့​သည်။ မီးပျံ​များ ပစ်​သည်။ လူကဲ​အဖွဲ့​၏ မီးပုံးပျံ​သည်​လည်း တော်တော်​လှ​သည်။ သို့သော် ယမ်း​အလေး​ချိန်​နှင့် မီးပုံးပျံ ပျံ​တက်​နိုင်​သည့် အား​မ​မျှ​၍ အောက်​ပြန် ပြုတ်​ကျ​ကာ မီးလောင် သွား​ခဲ့​သည်။
ထို​မီးပုံးပျံ​သည် ကာလ​တန်ဖိုး​ငွေ သိန်း ၄​၀ ခန့် ကုန်ကျ​သည်​ဟု ဒေသ​ခံ​တစ်​ဦး​က ခန့်​မှန်း ပြောဆို​ကြ​သည်။ ဒေသ​ခံ ၁​၉ နှစ်​အရွယ် အမျိုးသမီး​က မီးပုံးပျံ စ​လုပ်​ကတည်းက ဝိုင်း​သောက်​ကြ​တဲ့ အရက်ဖိုး​တွေ​လည်း ပါ​ကြောင်း ဝင်​ပြော​လိုက်​သေး​သည်။
မှန်​ပါ​သည်။ မီးပုံးပျံ လွှတ်​တင်​ပြီး​သည့် အချိန်​များ​တွင် က​နေ​ကြ​သည့် လူ​ငယ် အများ​စု​သည် မူး​ယစ်​နေ​ကြ​သည်။ နေ့လယ်​တွင် အလှ​ပြ မီးပုံးပျံ လွှတ်​တင်​ပြီး​သည့် အချိန်​တွင် က​နေ​ကြ​သည့် လူ​ငယ်​များ​သည်​လည်း မူး​ယစ်​နေ​ကြ​သည်။
မည်သည်​ပင် ဆို​စေ လူ​ငယ်​တို့​၏ တစ်​နှစ်​တစ်​ခါ ပျော်​စရာ သောက်​၍ ပျော်ပါး​သည်​ဟု သဘောထား​လိုက် မိ​သည်။
တောင်ကြီးမြို့ တန်ဆောင်တိုင်​ပွဲ​သည် နှစ်စဉ် အဖိတ်နေ့​နှင့် လ​ပြည့်​ည စည်​နေကျ။ ယနေ့ အဖိတ်နေ့​သည် မိုးရွာ​တော့ အခြေ​နေ​မ​ကောင်း။
အဖိတ်နေ့ အကြို​တွင် ည​မီး​ကြီး​နှင့် စိန်​နားပန် မီး​ပုံ​ပျံ​ပေါင်း အလုံး ၂​၀ ခန့် လွှတ်​တင်​ခဲ့​သည်။ ပွဲတော်​အတွင်း နေ့စဉ် ထို​အတိုင်း လွှတ်​သည်​ဟု ဒေသ​ခံ​တို့​က ဆို​ကြ​သည်။ ယနေ့ အဖိတ်နေ့​တွင် မိုးရွာ​ထား​တော့ အခြေအနေ​ကို​တော့ စောင့်​ကြည့်​ရ​ဦး​မည်။ မီးပုံးပျံ​ကတော့ ပုံ​မှန်​အတိုင်း လွှတ်​တင်​မည့် အနေအထား ရှိ​သည်။
ည ၇ နာရီ ထိုး​ခါ​နီး အချိန်​တွင်​တော့ မိုး​များ တိတ်​သွား​ပြီ ဖြစ်​သည်။ ကား​များ၊ ဆိုင်​ကယ်​များ​လည်း စည်ကား​လာ​သည်။
ယနေ့ အဖိတ်နေ့​သည် ခါ​တိုင်း​နှစ် များ​ကဲ့သို့ လူစည်​ကား​ကျ ဖြစ်​သော အစဉ်​အလာ​ကို ထိန်း​နိုင်​မည်​လော။ ရိုးရာ အစဉ်​အလာ​အတိုင်း ‘တောင်​ကြီး​မြို့တော် တန်ဆောင်တိုင်​ပွဲတော်’ ဂုဏ်​ပုဒ်​အတိုင်း လူစည်​ကား မည်​လော ဆို​သည်​ကို ယနေ့​ည ဖြတ်​သန်း ကြည့်​လိုက်​ဦး​မည်။

Credit to The Voice Weekly

Share Button

Click here to submit your review.


Submit your review
* Required Field

 

1277 total views, 1 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • nelsonmandela

    မင်​ဒဲ​လား​ပြော​ခဲ့​သော စကား​တစ်​ခွန်း

    by on 2014年1月27日 - 0 Comments

    Written by ဦးတင်​ဦး (ကျူ​ရှင်) လွန်​ခဲ့​တဲ့​သောကြာနေ့​ည​က ည​စဉ်​သွား​နေကျ​ဆေး​ခန်း​သို့ ရောက်​သွား​သော​အခါ ဆရာဝန်​၏​အိမ်​မှ​ရုပ်​မြင် သံ​ကြား​ဖန်​သား ပြင်ပေါ...