Welcome, visitor! [ Register | LoginRSS Feed  | 

တရုတ်တန်း​က စစ်ကိုင်း​လမ်း

| Tradition | 2014年2月7日

chinatown

လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​များ​ကို ရှောင်​တိမ်း​ရင်း ထိုင်​စရာ​စားပွဲ​တစ်​ခု​ရ​ရန် မ​နည်း​ရှာ​ရ​သည်။ ကျဉ်း​ကျဉ်းကျပ်​ကျပ် လူ​ရှုပ်⁠ရှုပ်​နှင့် ည​အလှ​က​ပင် လမ်း​ရဲ့​ယဉ်ကျေး​မှု​တစ်​ခု ဖြစ်​သည်။ အမျိုးသား၊ အမျိုးသမီး ကြီး⁠ကြီး​ငယ်⁠ငယ်​များ၊ ဖြူ​နီ​ပြာ​ဝါ​ရောင်​စုံ​များ​ဖြင့် တန်ဆာ​ဆင်​ထား​သည့် ဒီ​လမ်း​လေး​ရဲ့​ညနေ​ပိုင်း​သည် အမြဲ​တစေ ရှုပ်​ထွေး​စည်ကား​နေ​တတ်​ပြီး ယခုကဲ့သို့ တရုတ်​နှစ်​သစ်​ကူး​အခါ​သမ​ယ​တွင် ပို​လို့​ပင် စည်ကား​နေ​သေး​တော့​သည်။

“ထိုး​ထွက်​မယ့် မနက်​နေရောင်​ဖြာ​ထွန်း​ရင် စစ်ကိုင်း​လမ်း​က စောင့်​နေ​မယ်​သူ​မှာ​လို့ …” အစ​ချီ​တဲ့ စ​တီ​ရီ​ယို​အဆိုကျော်​ခိုင်​ထူး​၏ တေး​သွား​က ဟော်​လို​ဂစ်​တာ​နှင့် လိုက်​ဖက်​ညီ​စွာ ပျံ့လွင့်​လာ​ကာ လေ​ထု​ထဲ​ရှိ အကင်ညှော်​နံ့​များ​နှင့် ရောထွေး​သွား​ခဲ့​သည်။ အဖြူ​ရောင်​အင်္ကျီ​လက်ရှည်​နှင့် ပ​လေ​ကပ်​ပုဆိုး​အစိမ်း​ရောင် အဆင်​ရိုး⁠ရိုး​ကို ဝတ်ဆင်​ထား​သည့် လူ​တစ်​ယောက်။ စား​ဝိုင်း​သောက်​ဝိုင်း​တွေ​ကြား ဂစ်​တာ​ကို အားရ​ပါး​ရ​တီး​ခတ်​ကာ လည်ပင်း​ကျော​များ​ထောင်​သည်​အထိ ခိုင်​ထူး​၏​သီချင်း​ကို မာန်​ပါ⁠ပါ​တီး​ခတ်​နေ​သည်။ သူ့​သီချင်း​သံ​ကြောင့် စား​သောက်​နေ​သူ​များ အနှောင့်​အယှက်​ဖြစ်​ပုံ​မ​ရ။

သူ​ကတော့ ရန်ကုန်​ည​တွေ​ရဲ့ အဓိပတိ တရုတ်တန်း(၁​၉ လမ်း)ရှိ စား​သောက်​ဆိုင်​တန်း​တွေ​ကြား ၁​၉ လမ်း ခိုင်​ထူး​ဟု လူ​သိ​များ​သည့် ကို​ထွန်း​ရွှေ​ပင်​ဖြစ်​သည်။ ဆယ်​စု​နှစ် နှစ်​ခုကျော်​ကာလ​အထိ ၁​၉ လမ်းတွင် ည​စဉ်​ည​တိုင်း ဂစ်​တာ​တစ်​လက်​ဖြင့် စား​သောက်​သူ​များ​အား လာ​ရောက်ဖျော်​ဖြေ​သူ​တစ်​ဦး။ အဆိုတော်​ခိုင်​ထူး​နှင့် ရုပ်​ချင်း​အနည်းငယ်​ဆင်​တူ​ပြီး အား​နှင့်​မာန်​နှင့် သီချင်းဆို​လိုက်​လျှင် ခိုင်​ထူး​၏ ဆို​ဟန်​ဆို​ပေါက်​နှင့် ခပ်​ဆင်⁠ဆင်​ပင်။

ခိုင်​ထူး​၏ နာမည်ကြီး​သီချင်း​များ​ဖြစ်​သည့် ရွှေ​လည်တိုင်၊ စစ်ကိုင်း​လမ်း၊ သိ​လား၊ အဉ္ဇ​လီ အစ​ရှိ​သည့်​သီချင်း​များ​ကို အဆို​များ​သ​လို ကိုယ်တိုင်​က​လည်း ခိုင်​ထူး​ကို အသည်း​စွဲ ကြိုက်​နှစ်သက်​သူ​တစ်​ဦး​ဟု ဝန်ခံ​သည်။ ၁​၉​၈​၈ ခု​နှစ်​ပတ်ဝန်းကျင်​ကာလ​များ​ဆီ​က မိသား​စု​စား​ဝတ်နေ​ရေး​ကြောင့် တတ်​ထား​သည့်​ဂစ်​တာ​ပညာ​ဖြင့် အသက်မွေး​မည်​ဟု စဉ်းစား​ရင်း ၁​၉ လမ်းတွင် လာ​ရောက်ဖျော်​ဖြေ​ခဲ့​ရာ ယနေ့​တိုင်ပင်​ဖြစ်​သည်။

“ကျွန်တော်​စ​ဆို​ဖြစ်​တော့ သူငယ်ချင်း​တစ်​ယောက်​က အကြံပေး​တာ​နဲ့ ဗိုလ်​ချုပ်​ဈေး​မှာ​စ​ဆို​တယ်။ ဆို​ခါ​စ​ကတော့ နည်း⁠နည်း​အခက်​အခဲ​ရှိ​တယ်။ နောက်​ပိုင်း​တော့ အဆင်​ပြေ​သွား​ပါ​တယ်”ဟု ၁​၉ လမ်း ခိုင်​ထူးခေါ် ကို​ထွန်း​ရွှေ​က​ပြော​သည်။

ဒီ​အလုပ်​ကြောင့် သူ့​တွင် သိမ်ငယ်​စိတ်​လုံး​ဝ​မ​ရှိ​ဟု​လည်း အခိုင်​အမာ​ပြော​သည်။ နေ့စဉ် ညနေ ၆ နာရီ​စွန်း⁠စွန်း​အချိန်​များ​တွင် ၁​၉ လမ်း​၏ ည​များ​နှင့်​အတူ စီး​မျော​ရန် ရောက်​ရှိ​လာ​ခဲ့​ကာ ည ၁​၀ နာ​ရီကျော်ကျော်​ခန့်​မှ ပြန်​လေ့​ရှိ​သည်။

စား​သောက်​ဝိုင်း​များ​က ဖိတ်ခေါ်​လျှင် လာ​ရောက်​သီ​ဆို​တတ်​သ​လို သူ​စိတ်ပါ​လျှင်​လည်း စား​သောက်​ဝိုင်း တစ်​ခု⁠ခု​နား​တွင် ဆို​နေ​လေ့​ရှိ​၏။ ဘယ်​ရွေ့​ဘယ်​မျှ​ရ​စေ​ဟု သဘော​မ​ထား​ဘဲ စေတနာ​ကြေး​ဖြင့် သီ​ဆို​တတ်​သည့် သူ​က အသံ​အဆင်​မ​ပြေ​လျှင် အဲ​ဒီ​ည​အတွက် ဆက်​မ​ဆို​ဟု ပြော​သည်။

“ပရိသတ်​ကို မလိမ်​ချင်​ဘူး။ အသံ​က ဆို​လို့​အဆင်​မ​ပြေ​တော့​ရင် အဲ​ဒီ​ည​လှည့်​ပြန်သွား​တာ​ပဲ”ဟု ၎င်း​က​ပြော​သည်။ နာမည်ကြီး​အဆိုတော်​တစ်​ဦး​မ​ဟုတ်သော်​လည်း အသံ​ကို​အားပြု​၍ ဝမ်း​ကျောင်း​နေ​သူ​တစ်​ဦး​ဖြစ်​ဖြင့် အသံ​နှင့်​ပတ်သက်​၍ ဂရု​တ​စိုက်​ထား​ပုံ​ကို​လည်း “အသံ​ပျက်​စေ​မယ့် အရက်​တို့ ဘီ​ယာ​တို့ လုံး​ဝ​မ​သောက်​တော့​ဘူး။ ငယ်⁠ငယ်​တုန်း​ကတော့ ဆိုး​ခဲ့၊ မိုက်​ခဲ့​တာ​တော့ ရှိ​တာ​ပေါ့။ ဒါပေမဲ့ အခု​တော့ ဒါ​တွေ ဘာ​မှ​မ​လုပ်​တော့​ဘူး။ အစားအစာ​ကို​လည်း ဂရုစိုက်​တယ်။ အသံ​ကို ထိခိုက်​စေ​မယ့်​ဟာ​ကို​ရှောင်​တယ်”ဟု သူ​က​ပြော​သည်။

ည​စဉ်​သီချင်းဆို​နေ​ရ​သူ​တစ်​ဦး​ဖြစ်​သ​ဖြင့် အသံ​မ​ဝင်​စေ​ရန် သံပ​ရာ​သီး​ကို​လည်း တစ်​နေ့​လျှင် နှစ်​လုံး၊ သုံး​လုံး​ခန့် စား​ထား​ရ​သေး​သည်။ သီချင်း​စ​ဆို​စဉ်​အချိန်​များ​က ဝိုင်း​များ​ထံ​မှ စေတနာ​ကြေး​အနေ​ဖြင့် တစ်​ည​လျှင် လေး​ရာ့​ငါး​ဆယ် ငါးရာ​ခန့်​သာ ရ​ရှိ​ခဲ့သော်​လည်း ယခု​အခါ တစ်​ည​လျှင် နှစ်​သောင်း​ခွဲ သုံး​သောင်း​အထိ​ရတတ်​ပြီး တစ်​ခါ​တစ်​ရံ ငါး​သောင်း​အထိ​ပင် ရ​လေ့​ရှိ​သည်။

သူ​လာ​ဆို​နေ​သ​ဖြင့် စား​သောက်​သူ​များ​နှင့် ဆိုင်​ကို အနှောင့်​အယှက်​မ​ဖြစ်​ကြောင်း ၁​၉ လမ်း​ရှိ စား​သောက်​ဆိုင်​တစ်​ဆိုင်​မှ မန်နေဂျာ​က​ပြော​သည်။ သူ့​အနေ​ဖြင့် စား​သောက်​သူ​များ​ကို အနှောင့်​အယှက် ဖြစ်​စေ​လောက်​သည့်​အပြုအမူ​မျိုး ဘယ်​သော​အခါ​မှ​မ​လုပ်​ဟု​ဆို​သည်။

“ကျွန်တော်​ဝိုင်း​တစ်​ဝိုင်း​နား​မှာ​ဆို​ရင် နှစ်​ပုဒ်​အများ​ဆုံး​ပဲ​ဆို​တယ်။ နောက်​ပြီး ကျွန်တော်​က အော်​ချင်​ရာအော်​တာ​လည်း​မဟုတ်​တော့ စား​သောက်​သူ​တွေ အနှောင့်​အယှက်​မ​ဖြစ်​ပါ​ဘူး”ဟု သူ​က​ပြော​သည်။

စား​သောက်​ဝိုင်း​များ​တွင် လူ​စုံ​လာ​ရောက်​လေ့​ရှိ​သ​ဖြင့် တစ်​ခါ​တစ်​ရံ​တွင် နိုင်ငံ​ခြား​သုံး​ငွေ​ကြေး​များ​လည်း ရတတ်​သည်​ဟု သူ​က​ဆို​သည်။ ခိုင်​ထူး​သီချင်း​များ​ကို အဆို​များသော်​လည်း တစ်​ခါ​တစ်​ရံ ဖိုး​ချို၊ စိုး​လွင်​လွင်၊ ထူး​အိမ်​သင်၊ စိုင်း​ထီး​ဆိုင်​တို့​၏​သီချင်း​များ​လည်း ဆို​တတ်​သည်​ဟု​ဆို​သည်။

“ပရိသတ်​တောင်း​ဆို​ရင် တောင်း​ဆို​သ​လို​ပေါ့။ ဆို​ပေး​ရ​တာ​တွေ​လည်း ရှိ​တယ်။ ကိုယ်တိုင်​ကတော့ ခိုင်​ထူး​သီချင်း​ပဲ အဆို​များ​ပါ​တယ်”ဟု သီချင်း​များ​ကို နုတ်စ်​ဖြင့်​တီး​ခတ်​ခြင်း​မဟုတ်​ဘဲ အကြား​ဖြင့် ပြန်လည်​တီး​ခတ်​တတ်​သည့် သူ​က​ဆို​သည်။

ခိုင်​ထူး၊ စိုး​လွင်​လွင်၊ ဖိုး​ချို​တို့​၏ သီချင်း​များ​ကို အဆို​များ​သူ ကြိုက်​နှစ်သက်​သူ​က ယနေ့​ခေတ်ပေါ်​သီချင်း​များ မ​ရ​ဟု​ဆို​သည်။ သို့သော် မည်​မျှ​ပင်စိမ်း​သည့်​သီချင်း​ဖြစ်​ပါ​စေ။ ဆယ့်​ငါး​မိ​နစ်​ခန့် နားထောင်​လိုက်​လျှင် ပြန်​တီး​နိုင်​သည်​ဟု​ဆို​သည်။

“နုတ်စ်​သမား​မဟုတ်​ပေ​မယ့် Earining သမား​လည်း သူ့​အား​သာ​ချက်​နဲ့ သူ​ပေါ့​ဗျာ”ဟု (၁​၃)နှစ်​သား​အရွယ်​က​ပင် ဂစ်​တာ​တီး​တတ်​ခဲ့​သည့် ကို​ထွန်း​ရွှေ​က​ဆို​သည်။ ည​စဉ် သီချင်း​တွေ​နှင့်ဖျော်​ဖြေ​နေ​သူ​က သီချင်း​သီ​ဆိုဖျော်​ဖြေ​ခွင့်​မ​ရ​တော့​လျှင် အိမ်​ဆိုင်​လေး​ဖွင့်​ကာ ဘဝ​ကို​ဖြတ်​သန်း​သွား​မည်​ဟု ရှေ့​ရေး​အတွက် သူ့​အတွေး​ကို​ပြော​ပြ​သည်။

သို့သော် ၁​၉ လမ်း​သည် သူ​၏​အသွေးအသား​ထဲ​တွင် ခိုင်​မြဲ​စွာ​တွယ်ကပ်​ဝင်​ရောက်​နေ​ခဲ့​ပြီ ဖြစ်​သည်။ လက်​ရှိ​အလုပ်​ကို သူ​တန်ဖိုး​အလွန်​ထား​ပြီး သေ​လျှင်​ပင်​လျှင် ၁​၉ လမ်းတွင် သေ​ချင်​သည်​ဟု သူ​က​ဆို​သည်။

“ကျွန်တော် ဒီ ၁​၉ လမ်း​မှာ သီချင်းဆို​ရင်း​နဲ့​ပဲ သေ​သွား​ချင်​ပါ​တယ်။ ရွှေ​မန်း​တင်​မောင်​လို​ပေါ့။ ဖျော်ဖြေ​နေ​ရင်း သေ​သွား​တာ​မျိုး”ဟု သူ​က​ပြော​သည်။

“အသည်း​ရင်​လှိုင်း​ခတ်​သံ အတူ​ဆုံ​ချိန်​အပြုံး​တွေ နှုတ်ဆက်​မယ်​လေ တို့​ဘဝ​အတွက် ခဏ​တာ ဒီ​အချိန်​လေး​အတွင်း​မှာ အချစ်​ခွန်အား ရင်ဆိုင်​ထား ….”

ညဉ့်​က တ​ဖြည်း⁠ဖြည်း​ရင့်​လာ​ခဲ့​လေ​ပြီ။ စား​သောက်​ဝိုင်း​များ​လည်း ကျဲ​ပါး​လာ​ခဲ့​လေ​ပြီ။ သီချင်း​ကို​ချစ်​တဲ့ ခွန်အား​တွေ​နဲ့ ၁​၉ လမ်း ခိုင်​ထူး​ရဲ့ တေး​သံ​သည်​လည်း မ​ကြာ​မီ တစ်​ည​တာ​အတွက် နှုတ်ဆက်​တော့​မည်​ဖြစ်​သည်။

“ကျွန်တော်​သေ​ရင်​လည်း ၁​၉ လမ်း​မှာ​ပဲ သေ​ချင်​ပါ​တယ်”ဆို​တဲ့ သူ့​ရဲ့​စကား​သံ​ကတော့ ၁​၉ လမ်း​ကို မည်​သည့်​အခါ​မှ နှုတ်ဆက်​သွား​မည်​မဟုတ်​ဟု အသေ​အချာ​ပြောဆို​နေ​သ​လို​ပင်။

ရေးသား​သူ- သီ​ဟ
7Day News Journal

Share Button

Click here to submit your review.


Submit your review
* Required Field

No Tags

1664 total views, 2 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • coffee

    အဆိပ်​သင့်​အနမ်း​များ

    by on 2013年11月15日 - 0 Comments

    Written by ရွှေ​ရည် ကော်​ဖီ​ဆိုင်​ဟု အမည်တပ်​ထား​သော ဆိုင်​လေး​ထဲ​သို့ ဆယ်ကျော်​သက် စုံ​တွဲ​တစ်​တွဲ ဝင်​ရောက်လာ​ပြီး “အခန်း​ရှိ​သေး​လား” ဆို​သော​အသံ​က ဆယ်ကျေ...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...