Welcome, visitor! [ Register | LoginRSS Feed  | 

နည်း​ပညာ​ခေတ် တော်​လှန်​ရေး​သစ်​နှင့် သူပုန်​ကျောင်း

| Techonology | 2013年11月15日

42

Written by အယ်​ဒီ​တာ​တစ်​ဦး

အရပ်​မြင့်​မြင့်၊ သက်​လတ်​ပိုင်း​အရွယ် လူ​တစ်​ယောက်​သည် နံရံ​ကို မှီ​ပြီး ရပ်​နေ​သည်။ သူ​ရပ်​နေ​သည့် နေရာ​မှာ ပဲ​ရစ်​မြောက်​ပိုင်း မြို့ စွန်​ရှိ အဆောက်အအုံ တစ်​ခု​တွင် ဖြစ်​သည်။ သူ့​ရှေ့​တွင် ကျစ်​ဆံ​မြီး ကျစ်​ထား​သည့် အစိမ်း​ရောင် ဆံပင်​တောက်တောက်​နှင့် ကောင်​မ​လေး​တစ်​ယောက် ရပ်​နေ​ပြီး သူ​တို့ အကြောင်းအရာ တစ်​ခု​ကို စိတ်ပါ​ဝင်စား​စွာ ဆွေးနွေး​နေ​ကြ​ခြင်း ဖြစ်​သည်။

ကျောင်း​သူ မိန်း​ကလေး ပြော​သည့်​စကား​ကို စိတ်ဝင်စား​စွာ နားထောင်​ပေး​နေ​သူ​သည် ပညာ​ရှင် တစ်​ယောက် မဟုတ်၊ ကော​လိပ်​မှ ပါ​မောက္ခ​ကြီး​လည်း မဟုတ်။ သို့သော် သူ​သည် ပညာ​ရေး​ကို လွန်စွာ စိတ်ပါ​ဝင်စား​သူ တစ်​ယောက်​တော့ ဖြစ်​သည်။

သူ့​အမည်​က ဇေ​ဗီး​ယား​နီးလ် ဖြစ်​သည်။ ပြင်​သစ် နိုင်ငံ​တွင် အချမ်း​သား​ဆုံး စာရင်းဝင် ပုဂ္ဂိုလ်​တစ်​ယောက် ဖြစ်​ပြီး သူ့​ကြွယ်​ဝ ချမ်းသာ​မှု​မှာ ဒေါ်လာ ၇ ဒသမ ၈ ဘီ​လီ​ယံ ဖြစ်​သည်။ ဤ​မျှ ကြွယ်​ဝ ချမ်းသာ​လာ​ခြင်း​မှာ နိုင်ငံ​အတွင်း ဆက်​သွယ်​ရေး လုပ်​ငန်း​ကြီး တစ်​ခု​ကို လုပ်​ပိုင်​ခွင့် ရ​ရှိ​ခဲ့​သော​ကြောင့်​ဟု​လည်း ဆို​နိုင်​သည်။

နီးလ်​သည် ယခု အသက် ၄​၆ နှစ်​ခန့်​ရှိ​ပြီ ဖြစ်​သည်။ ဆက်​သွယ်​ရေး​လိုင်း​တွင် အောင်မြင်​ခဲ့​သူ တစ်​ဦး​က ယခု​အခါ ပညာ​ရေး​ဘက်​သို့ လိုင်း​ပြောင်း​ပြီး တက္ကသိုလ် တစ်​ခု​ကို ထူထောင်​ရန် ကြိုးစား​နေ​သည်။ ပြင်​သစ်​နိုင်ငံ ပညာ​ရေး​စနစ်​၏ တင်း​ကျပ်​လွန်း​မှု​များ​ကား နာမည်ဆိုး​နှင့် ကျော်​ကြား​လွန်း​လှ​သည်။ သူ​ထူထောင်​မည့် ကျောင်း​သည် အစဉ်​အလာ​ကို ဆန့်ကျင်​သော တော်​လှန်​သည့် ကျောင်း​တစ်​ကျောင်း ဖြစ်​သည်။

ယခု​နှစ် စက်တင်ဘာ​လ​အတွင်း​က သူ​သည် ကွန်ပျူတာ Programming ကျောင်း​တစ်​ကျောင်း​ကို ဖွင့်​လှစ်​ခဲ့​သည်။ သူ့​ကျောင်း​အမည်​က ရိုး⁠ရိုး​လေး​သာ ဖြစ်​သည်။ ‘ဖော်​တီ​တူး’ (၄​၂) ဟု အမည်ပေး​ထား​သည်။ ထို​အမည်​က ၁​၉​၇​၀ ပြည့်​နှစ်​တွင် ထွက်​ခဲ့​သည့် “The Hitchhiker’s Guide to the Galaxy” ဆို​သည့် နာ​မည်ကျော် စာအုပ်​ကို အခြေ​ခံ​ပြီး ပေး​ခဲ့​ခြင်း ဖြစ်​သည်။ ထို​စာအုပ်​တွင် ဘဝ​၏ လျှို့​ဝှက်​ချက်​များ​ကို အသက် ၄​၂ နှစ် အရွယ်​တွင် စတင် အဖြေ ရှာ​တွေ့​သည်​ဟု ဆို​ထား​သည်​ကို သဘောကျ​သ​ဖြင့် ကျောင်း​အမည်​ကို ဖော်​တီ​တူး​ဟု ပေး​ထားခဲ့​ခြင်း ဖြစ်​သည်။

ထို​ကျောင်း​ကို ပဲ​ရစ်​မြို့ မြောက်​ပိုင်း​တွင် ဖွင့်​လှစ်​ထား​သည်။ ပြင်​သစ်​နိုင်ငံ​က သတ်​မှတ်ထား​သည့် တက္ကသိုလ် ဝင်​ခွင့်​ဆို​သည့် စည်​ကမ်း​ချက် အားလုံး​ကို ချိုး​ဖောက်​ထား​ပြီး (ကျောင်း​လခ မ​ပေး​ရ၊ ကျောင်း​ဝင်​ခွင့် အတွက် ဘာ​အတန်း၊ ညာ​အတန်း​အောင်​မှ၊ အမှတ် ဘယ်လောက်​ရ​မှ ဟူ၍​လည်း သတ်​မှတ်ထား​ခြင်း မ​ရှိ) လွတ်လပ်​စွာ ရပ်​တည်​နေ​သော ကျောင်း​တစ်​ကျောင်း​ကို ပြ​ပါ​ဆို​လျှင် ဖော်​တီ​တူး ကျောင်း​ကို​သာ ပြ​ရ​မည် ဖြစ်​သည်။

ဖော်​တီ​တူး ကျောင်း​ဖွင့်​စ​က ကျောင်း​ဝင်​ခွင့် အရည်အချင်း စစ်​စာ​မေး​ပွဲ​ကို ကျောင်းသား​ပေါင်း ၇​၀,၀⁠၀​၀ ဝင်​ဖြေ​ကြ​သည်။ ထို​ကျောင်းသား​များ​တွင် ၄​၀ ရာ​ခိုင်​နှုန်း​သော လူ​ငယ်​များ​သည် ကျောင်း​ပညာ တစ်​ပိုင်း တစ်​စ​ဖြင့် ကျောင်း​ထွက်​ခဲ့​ကြ​ရ​သူ​များ ဖြစ်​ကြ​သည်။ နီးလ်​သည် ကျောင်း​ကို အစဉ်​အလာ​နှင့် ဆန့်ကျင်ဘက် ဖြစ်​စေ​ချင်​သော​ကြောင့် ကျောင်း​အဆောက်အအုံ အပြင်​ဘက်​တွင် ကျောင်း​ပုံ​မှန် အလံ​များ​အစား ပင်လယ်​ဓားပြ အလံ​ကို လွှင့်​တင်​ထား​ခြင်း​က သူ့​ကျောင်း​၏ စရိုက်​ကို ကြွေးကြော် ဖွင့်​ဟ​ထား​သကဲ့သို့ ဖြစ်​နေ​သည်။

နီးလ်​က သူ့​ကျောင်း​ကို ထူထောင်​ရ​ခြင်း​နှင့် ပတ်သက်​ပြီး ပြင်​သစ် နိုင်ငံ​တွင် နည်း​ပညာ ကုမ္ပဏီ​များ​က သူ​တို့ အလုပ်​ပေး​ချင်သော်​လည်း အရည်အချင်း ပြည့်​ဝ​သော အိုင်​တီ​ပညာ​ရှင်​များ မ​ရှိ​ဆို​သည့် ပြော​ကြား​ချက်​များ​နှင့် နှစ်စဉ် ပညာ​တစ်​ပိုင်း တစ်​စ​ဖြင့် ကျောင်း ဆက်​မ​တက်​သော လူ​ငယ်ပေါင်း နှစ်​သိန်း​ခန့် ရှိ​နေ​သည် ဆို​သော အချက်​ကို သိ​ရသ​ဖြင့် သူ့​ကျောင်း​ကို ထောင်​ဖြစ်​သွား​သည်​ဟု ပြော​ကြား​ချက်​မှာ လေးစား​စရာ ဖြစ်​သည်။

ပြင်​သစ်​နိုင်ငံ​၏ ပညာ​ရေး​စနစ်​တွင် ပကတိ​အရှိ တရား​နှင့် မ​ကိုက်​ညီ​ဘဲ ပျက်​ယွင်း​နေ​ရ​သည့် အကြောင်း​နှင့် ပတ်သက်​ပြီး နီးလ်​က ‘အစဉ်​အလာ​ကို ဆုပ်​ကိုင်​ထား လွန်း​သော​ကြောင့်’ ဟု ဝေဖန် သုံးသပ်​ပြ​သည်။ စာ​မေး​ပွဲ စနစ်​များ​ကို နိုင်​ငံတော်​အဆင့် အနေ​နှင့် ချုပ်​ကိုင်​ထား လွန်း​ခြင်း​ကို သူ​က အပြစ်တင်​သည်။ တ​ကယ့်​တီထွင်​ပြီး လုပ်​ချင်​ကိုင်​ချင်​စိတ် ရှိ​သူ​များ​ကို အမှတ်​နှင့် သတ်​မှတ် ဆုံးဖြတ်​နေ​ခြင်း အပေါ် သူ​က ဝေဖန်​ဆန်း​စစ်​ခြင်း ဖြစ်​သည်။

ပြင်​သစ်​နိုင်ငံ​သည် တစ်​ချိန်​က နာ​မည်ကျော် ပန်းချီ​ဆရာ​ကြီး ရေး​နွား​နှင့် တေး​ရေး ဂီ​တ​ဆရာ​ကြီး ကလော်​ဒီ ဒီ​ဘတ်​စီ​တို့​ကို မွေး​ထုတ်ပေး​ခဲ့​သည့် နိုင်ငံ ဖြစ်​သည်။ သို့သော် ယနေ့​ခေတ်​သည် အနု​ပညာ​ရှင်​များ ကို မွေး​ထုတ်​ပြီး ဂုဏ်​ယူ​ရ​မည့် ခေတ်​မဟုတ်။ မာ့ခ်​ဇူ​ကာ​ဘတ် သို့မဟုတ် စတိ​ဂျော့​တို့​လို အိုင်​တီ​ပညာ​ရှင်​များ မွေး​ထုတ်ပေး​ရန် လို​အပ်​နေ​သည်။

ယခု​အခါ ပြင်​သစ်​နိုင်ငံ​ကို အိုင်​တီ​ကစား​ကွင်း​ကြီး တစ်​ခု​အဖြစ် မ​ဖန်တီး​နိုင်​သေး​ခြင်း​ကို နီးလ်​က အား​မ​လို အား​မ​ရ​ဖြစ်​နေ​သည်။ ကစား​ကွင်း​လည်း​မ​ရှိ၊ ကစား​ခွင့်​လည်း မ​ပေး​ထား​လျှင် အရည်အချင်း ရှိ​သူ​များ​ကို ဖော်​ထုတ်​နိုင်​ရန် လမ်းမ​မြင်​ပေ။ အဆင့်​အတန်း​မ​ရွေး လူ​ငယ်​တို့​သည် ကိုယ့်​အရည်အချင်း​ကို ဖော်​ထုတ်ပြ​နိုင် မှ​သာ မှတ်​ကျောက်​တင် ခံ​နိုင်​မည်။

“ကျွန်တော်​တို့​ဆီ​မှာ​က အစဉ်​အလာ​ဆို​တာ​ကို မကျော်​လွန်​နိုင်​ကြ​ဘူး။ ခင်ဗျားဟာ ဆရာဝန်​ဖြစ်​တယ် ဆို​ရင် ခင်ဗျား​သား​ဟာ​လည်း ဆရာဝန်​ပဲ ဖြစ်​ရ​မယ်​ဆို​တဲ့ အစဉ်​အလာ​ကို မကျော်​လွန်​နိုင်​သေး​ပါ​ဘူး” ဟု နီးလ်​က ဆို​သည်။ ထို့​ကြောင့်​ပင် သူ့​ကျောင်း​ကို ‘သူပုန်​ကျောင်း’ အဖြစ် သတ်​မှတ်​ကြ​ကြောင်း သူ​က ရယ်မော​ပြီး ရှင်း​ပြ​သည်။

သူ့​လုပ်ဆောင်​နေ​ချက်​များ​သည် ပညာ​ရေး​စနစ်​ကြီး​ကို ပုန်ကန်​နေ​သ​လို ဖြစ်​နေ​မှန်း သူ​လည်း သိ​သည်။ ထို့​ကြောင့်​ပင် ကျောင်း​ကို မြို့​စွန်​၌ သွား​ဖွင့်​ထား​သည်။ နီးလ်​ကိုယ်တိုင် ကော​လိပ်​ကို ဆက်​မ​တက်​ဘဲ တစ်​ပိုင်း​တစ်​စ ကျောင်း​ထွက်​ပြီး အိမ်​တွင် ကွန်ပျူတာ​တစ်​လုံး​နှင့် “Coding” များ​ကို ရေး​ကာ ဘဝ အစပြု​ခဲ့​ရ​သူ ဖြစ်​သည်။

“ကျွန်တော့်​ဘဝ​ကို ကား​ဂိုဒေါင်​ထဲ​မှာ တစ်​ယောက်​တည်း စ​ခဲ့​ရ​တယ်​လို့ ဆို​နိုင်​ပါ​တယ်။ ဒါပေမဲ့ ကျွန်တော် ကံကောင်း​ပါ​တယ်” ဟု သူ​က ဆို​သည်။

နီးလ် အသက် ၁​၈ နှစ်​တွင် အင်​တာ​နက်ပေါ်​၌ Chatting လုပ်​နိုင်​သည့် ဆော့ဖ်​ဝဲ​များ​နှင့် အခြား ဆက်​သွယ်​ရေး​ဆိုင်​ရာ ဆော့ဖ်​ဝဲ​များ​အတွက် Tool များ​ကို ရေး​ခဲ့​သည်။ ထိုသို့ ဆော့ဖ်​ဝဲ​များ​ကို ရေး​ပြီး ကုမ္ပဏီ​များ​ကို ရောင်းချ​ခြင်း​ဖြင့် ပြင်​သစ် Telecom ကုမ္ပဏီ​က ထူထောင်​ထား​သော Minitel ကဲ့သို့​သော အွန်​လိုင်း ဝန်​ဆောင်​မှု လုပ်​ငန်း​များ​နှင့် ချိတ်ဆက်​မိ​လာ​သည်။

အသက် ၂​၆ နှစ်​တွင် ပြင်​သစ်​နိုင်ငံ​၏ ပထမ​ဆုံး ISP (အင်​တာ​နက် ဝန်​ဆောင်​မှု​လုပ်​ငန်း) တစ်​ခု​ဖြစ် သည့် WorldNet ကို ထူထောင်​နိုင်​ခဲ့​သည်။ ထို​လုပ်​ငန်း​ကို သူ​သည် ၂​၀⁠၀​၀ ပြည့်​နှစ်​တွင် ဒေါ်လာ ၅​၅ သန်း​နှင့် ရောင်းချ​ခဲ့​သည်။ ၁​၉⁠၉​၁ ခု​နှစ်​တွင် Iliad ကုမ္ပဏီ​ကို ထူထောင်​သည်။ ပြင်​သစ်​နိုင်ငံ​တွင် သုံး​မျိုး ဝန်​ဆောင်​မှု (Triple Play) ကို ပထမ​ဦး​ဆုံး စတင်​ပေး​ခဲ့​သည့် ကုမ္ပဏီ​ဖြစ်​သည်။ သုံး​မျိုး ဆို​သည်မှာ တီ​ဗီ၊ ဖုန်း​နှင့် အင်​တာ​နက် ဝန်​ဆောင်​မှု​များ ဖြစ်​သည်။ သူ​က ထို ဝန်​ဆောင်​မှု လုပ်​ငန်း​ကို “Free” ဟု အမည်ပေး​ထား​သည်။ ယမန်နှစ်​က နီးလ်​သည် ပြင်​သစ်​နိုင်ငံ​၏ စတုတ္ထ​မြောက် ဆက်​သွယ်​ရေး ဝန်​ဆောင်​မှု ကုမ္ပဏီ​အဖြစ် လေလံ အောင်​သွား​သည်။ ထို့​ကြောင့် သူ​က “Free Mobile” ဆို​သည့် လုပ်​ငန်း​ကို ထူထောင်​ခွင့် ရ​သွား​သည်။ သူ​က ဝန်​ဆောင်​မှု သုံး​မျိုး​အတွက် တစ်​လ​လျှင် ပေး​ဆောင်​ရ​မည့် အခ​ကြေး​ကို ယူ​ရို ၂​၀ (၂​၈ ဒေါ်လာ) ဟု သတ်​မှတ်ထား​သည်။ ထို​နှုန်း​သည် အကန့်​အသတ်​မဲ့ သုံး​နိုင်​သော Unlimited အတွက် ဖြစ်​သည်။ အခြား အွန်​လိုင်း၊ အင်​တာ​နက်၊ ဖုန်း​ဝန်​ဆောင်​မှု လုပ်​ငန်း​များ​က သတ်​မှတ်ထား​သည့် လ​စဉ်​ကြေး​ထက် အလွန်​သက်သာ​သည့် နှုန်း​လည်း ဖြစ်​သည်။

သူ​နှင့် ပြိုင်ဘက် ကုမ္ပဏီ​တွေ​က ထိုသို့ ဈေး​ချ​ပြီး ယှဉ်​ပြိုင်​သည့်​အတွက် အသံ​တွေ ထွက်​လာ​သည်။ သို့သော် နီးလ်​က ဂရု​မ​စိုက်။ Iliad ကုမ္ပဏီ​၏ ဈေး​ကွက် ရှယ်​ယာ​က​လည်း ၁​၁ ဆ​လောက် ခုန်​တက်​သွား​သည်။ ယူ​ရို ၉ ဒသမ ၈ သန်း (ဒေါ်​လာ ၁​၃ ဒသမ ၅ သန်း) တန် ကုမ္ပဏီ​ဘဝ​သို့ ချက်ချင်း ရောက်​သွား​သည်။ Iliad ကုမ္ပဏီ​တွင် နီးလ်​၏ ပိုင်ဆိုင်​မှု​က ၅​၅ ဒသမ ၃ ရာ​ခိုင်​နှုန်း ရှိ​သည်။ သို့​ဖြစ်​ရာ သူ​လည်း နေ့ချင်း​ည​ချင်း သူဌေး​လေး ဘဝ ရောက်​ခဲ့​ရ​သည်။ လက်​ရှိ Le Monde ဆို​သည့် သတင်းစာ တစ်​စောင်​ကို​လည်း သူ​ပိုင်ဆိုင်​ထား​သေး​သည်။ ထို​သတင်းစာ​သည် ပြင်​သစ်​တွင် စောင်​ရေ အတော်​များ​များ ထုတ်​ဝေ​နေ​ရ​သည့် သတင်းစာ ဖြစ်​သည်။

ယခု နီးလ် ဖွင့်​ထား​သည့် ဖော်​တီ​တူး​ကျောင်း သ​တင်း​က​လည်း တစ်​နိုင်ငံ​လုံး သ​တင်း​တွေ ပျံ့​နေ​သည်။ လက်​ရှိ ဖော်​တီ​တူး​ကျောင်း​တွင် ကွန်ပျူတာ ပ​ရို​ဂ​ရမ်း​မင်း ရေး​နေ​ကြ​သည့် ပ​ရို​ဂ​ရမ်​မာ​ပေါင်း ၃​၀⁠၀​၀ ရှိ​သည်။ ထို့​ပြင် ပ​ရို​ဂ​ရမ်း​မင်း ဘာသာ​ရပ်​ကို သုံး​နှစ် တက်​ရောက် သင်ကြား​ရန်​အတွက် နိုဝင်ဘာ​လ ကတည်းက ကျောင်း စ​တက်​နေ​သည့် ကျောင်းသား​သစ် ၁​၀⁠၀​၀ က​လည်း ရှိ​သေး​သည်။ ကျောင်း​တွင် ဆရာ​က​လည်း နည်း⁠နည်း​သာ ရှိ​သေး​သည်။ စာ​သင်​ခန်း​ကတော့ ဂိုဒေါင်​အသွင် ခန်းမ​ကြီး ဖြစ်​ပြီး ခုံ​များပေါ်​တွင် Apple ကွန်ပျူတာ​များ တန်း​စီ​ပြီး တင်​ထား​သည်။ စွမ်းအား​ကောင်း​သည့် ကွန်ပျူတာ​များပေါ်​တွင် ကိုယ်​ကြိုက်​ရာ ပ​ရို​ဂ​ရမ်​နှင့် စတင် လုပ်​ပိုင်​ခွင့် ရှိ​သည်။

ဤ​ကျောင်း​သို့​လာ​သော ကျောင်းသား​တိုင်း မိမိ​တို့ စိတ်ကူး၊ တီထွင်​မှု​များ​ကို ဖော်​ထုတ်ပြ​ရန်​နှင့် ကြိုက်​နှစ်သက်​သူ ရှိ​လျှင် ရောင်းချ​ပိုင်​ခွင့်​တွေ အပြည့်​ပေး​ထား​သည်။ ဤ​ကျောင်း​သည် အစိုးရ​ကျောင်း​နှင့် မ​တူ။ ကျောင်း​သို့ လာ​တက်​သူ​တိုင်း အထက်​တန်း​ကျောင်း အောင်​လက်မှတ်​တွေ တင်ပြ​စရာ မ​လို။ ဤ​ကျောင်း​က သုံး​နှစ်​တိတိ သင်ကြား​ပေးလိုက်​သည့် ပညာ​ရပ်​များ အတွက်​လည်း ဘွဲ့​ဒီ​ဂ​ရီ​တစ်​ခု​နှင့် ထိန်း​ချုပ်​မ​ထား။ တတ်ယောင်ကား​တွေ​ကို ဤ​ကျောင်း​က အထင်​မ​ကြီး။ ဘွဲ့​ဝတ်​စုံ ဆောင်း​ထား​သည့် အယောင်ဆောင် အဆောင် အယောင်​များ​ကို​လည်း ဂရု​မ​စိုက်။

အထက်​တန်း​ကျောင်း မ​ပြီး​ဘဲ ထွက်​ခဲ့​ရ​သည့် အသက် ၂​၆ နှစ် အရွယ် က​လီး​မင့်အော်​ပီ​တစ် ဆို​သူ ကျောင်းသား တစ်​ယောက်​က-
“ကျွန်တော် ပုံ​မှန်​လ​စာ​လေး တစ်​ခု​နဲ့ ရပ်​တည် နိုင်​တယ်။ အဲ​ဒါ ဘာ​ကြောင့်​လဲ ဆို​တော့ တံခါး​ဖွင့်​ပေး ထား​လို့​ပေါ့” ဟု ပြော​ကြား​သည်။

ပြင်​သစ်​နိုင်ငံ အိုင်​တီ​ကုမ္ပဏီ​များ​က ယခု​အခါ နီးလ်​၏ တပ်သား​သစ်​များ​ကို ခေါ်​သုံး​ရ​မှန်း ကောင်း​ကောင်း သိ​နေ​ကြ​ပြီ ဖြစ်​သည်။ နီးလ်​သည် ကိုယ်တိုင်​က ချမ်းသာ​နေသော်​လည်း လူ့​မလိုင် အတန်း​အစား​ကို မျက်နှာချို သွေး​ရ​ခြင်း​ကို သိပ်​မ​ကြိုက်။ သူ​ကိုယ်တိုင်​က အလုပ်​စုံ လုပ်​ဖူး​သည်။ မ​ကောင်း​သည့် လိင်​ပစ္စည်း အရောင်း​ဆိုင်​လည်း ဖွင့်​ဖူး​သည်။ ၂​၀⁠၀​၄ ခု​နှစ်​တွင် ထောင်​တစ်​နှစ် ကျ​ဖူး​သည်။ သူ့​စ​တိုး​ဆိုင်​များ​တွင် မ​ကောင်း​သည့် မိန်း​ကလေး​များ​ကို ထား​ပြီး ပွဲစား​လုပ်​သည့် ပြစ်​မှု​ဖြင့် ထောင်ကျ​ခဲ့​ခြင်း ဖြစ်​သည်။

နီးလ်​သည် အကောင်း​မြင်​သမား တစ်​ယောက် ဖြစ်​သည်။ ဖော်​တီ​တူး ကျောင်း​အတွက် သူ ရင်းနှီး​မြှုပ်​နှံထား​သည့် ငွေ​ပမာဏ​မှာ ယူ​ရို​သန်း ၇​၀ (ဒေါ်​လာ ၉​၇ သန်း) ဖြစ်​သည်။

သူ​သည် 1000 Startups ဆို​သည့် ပ​ရော​ဂျက် တစ်​ခု​ကို စတင်​ရန် ပြင်ဆင်​နေ​သည်။ သူ​က ထို​အတန်း​ကို ၂​၀​၁​၆ ခု​နှစ်​တွင် ဖွင့်​လှစ်​နိုင်​ရန် ပြင်ဆင်​နေ​သည်။ ကမ္ဘာ့​အကြီး​ဆုံး ပညာ​ရှင်​အသစ်​များ မွေး​ထုတ်ပေး​ရာ ကျောင်း​ကြီး ဖြစ်​စေ​ရ​မည်​ဟု အာမခံ​ထား​သည်။
“ကျွန်တော်​တို့​ဟာ ပြင်​သစ် နိုင်ငံ​ကြီး​မှာ အရာ​ရာ​ကို ပြောင်းလဲ​နိုင်​လိမ့်​မယ်​လို့ မ​ထင်​ပါ​ဘူး။ ဒါပေမဲ့ ကျွန်တော်​တို့ ပြောင်း​နိုင်​သ​လောက် ပြောင်း​မယ်။ တစ်​ခု⁠ခု​တော့ သက်ရောက်​စေ​ရ​မယ်” ဟု သူ​က ဆို​သည်။ အစဉ်​အလာ​ကို တော်​လှန်​ပြီး ပြောင်းလဲ​ရန် ဆို​သည်မှာ နီးလ်​က​လွဲ​ပြီး အခြား​မ​ရှိ​ပြီ။

Credit to The Voice Weekly

Share Button

Click here to submit your review.


Submit your review
* Required Field

No Tags

1000 total views, 2 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • coffee

    အဆိပ်​သင့်​အနမ်း​များ

    by on 2013年11月15日 - 0 Comments

    Written by ရွှေ​ရည် ကော်​ဖီ​ဆိုင်​ဟု အမည်တပ်​ထား​သော ဆိုင်​လေး​ထဲ​သို့ ဆယ်ကျော်​သက် စုံ​တွဲ​တစ်​တွဲ ဝင်​ရောက်လာ​ပြီး “အခန်း​ရှိ​သေး​လား” ဆို​သော​အသံ​က ဆယ်ကျေ...