Welcome, visitor! [ Register | LoginRSS Feed  | 

ပညာ​ရေး​ဟူ​သည်

| Education | 2013年11月18日

education

Written by ILBC တင်​မောင်​ဝင်း

ပညာ​ရေး​သည် ဘဝ​အတွက် ပြင်ဆင်​ခြင်း၊ လေ့ကျင့်​ခြင်း ဖြစ်​စဉ် ဖြစ်​သည်။ တစ်​နည်း​ဆိုသော် ကျန်းမာ​စွာ ချမ်းသာ​စွာ နေ​နိုင်​စေ​ရန် ငယ်ရွယ်​စဉ်​က​ပင် ကြိုတင် လေ့ကျင့်​ပြင်ဆင်​ခြင်း ဖြစ်​သည်။ ကျန်းမာ​စွာ နေထိုင်​ခြင်း​ကို လူ​တိုင်း သိ​ပြီး​ဖြစ်​ပြီး ချမ်းသာ​စွာ နေထိုင်​ခြင်း ဆို​သည်မှာ အသက်​ရှင်​ရ​သော နေ့​တိုင်း စိတ်​ချမ်းသာ​မှု​နှင့် အေးချမ်း​စွာ နေ​ရ​ခြင်း​ကို ဆိုလို​ရင်း ဖြစ်​သည်။ ကလေး​တစ်​ယောက် ကျန်း​ကျန်းမာ​မာ​နှင့် စိတ်​ချမ်းသာ အေးချမ်း​စွာ နေထိုင်​နိုင်​ရေး​အတွက် လေ့ကျင့်​ပေး​ရာ​တွင် တစ်​ဦး​ကောင်း​တစ်​ယောက် ဆောင်ရွက်​လျှင် အောင်မြင်​မှု မ​ရ​နိုင်။ ထို​ကလေး​၏ မိဘ၊ ထို​ကလေး​အား လေ့ကျင့်​ပေး​မည့် ဆရာ​နှင့် ထို​ကလေး ကိုယ်တိုင်​ပါ လုပ်ကိုင်​ဆောင်ရွက် လေ့ကျင့်​နိုင်​ပါ​မှ လေ့ကျင့်​မှု​မှ ရလဒ်​ကောင်း ရ​နိုင်​မည်။

ဆရာ​က​လည်း ကျန်းမာ​အောင် မည်သို့ နေထိုင်​ရ​မည်​ကို ကောင်း​စွာ​သိရှိ​ရန် လို​သည်။ စိတ်​ချမ်း​ချမ်းသာ​သာ​နှင့် အေးအေး​ချမ်း​ချမ်း နေထိုင်​နိုင်​ရန် မည်သည်​တို့​ကို လေ့ကျင့်​ရန် လို​သည်​ကို သေချာ​စွာ နားလည် တတ်​ကျွမ်း​ရန် လို​သည်။ ဆရာ​ကိုယ်တိုင်​က​လည်း နေ့စဉ် ကျန်းမာ​အောင် နေထိုင်​တတ်​သူ ဖြစ်​ရန် လို​သည်။ ဆရာ​ကိုယ်တိုင်​က​လည်း နေ့စဉ် စိတ်​ချမ်း​ချမ်းသာ​သာ​နှင့် အေး အေးချမ်း​ချမ်း နေ​နိုင်​ရေး​အတွက် ထာဝရ ကြိုးစား​နေ​သူ ဖြစ်​ရန်လို​သည်။ သို့​မှ​သာ သူ​ကိုယ်တိုင် ကျွမ်းကျင်​နေ​သော နေ့စဉ် လေ့ကျင့်​နေ​သော ကျွမ်းကျင်​မှု​တို့​ကို ကျောင်းသား​ကလေး​များ​အား ပြန်လည် လေ့ကျင့်​ပေး​နိုင်​မည်။ မိဘ​တို့​က​လည်း ၎င်း​နည်းတူ သိရှိ နားလည် သဘောပေါက်​ထား​ပြီး ၎င်း​တို့ ကိုယ်တိုင်​လည်း ရည်​ရွယ်​ချက်​တူ​ပြီး ကျန်းမာ​ချမ်းသာ​စွာ နေ​နိုင်​ရေး နေ့စဉ် ကြိုးစား အားထုတ်​နေ​သူ​များ ဖြစ်​ခဲ့​လျှင် ဆရာ​နှင့်​မိဘ​တို့ လျှောက်​သော​လမ်းတွင် လူ​မ​မယ် ကလေး​ငယ်​များ​ကို လက်​တွဲ ခေါ်​ယူ​နိုင်​မည် ဖြစ်​သည်။ အကောင်း​ဆုံး အနေအထား​သည်ကား ဆရာ​များ ကြုံတွေ့ ဖြတ်​သန်း​ခဲ့​ရ​သည့် ပညာ​ရေး​ဘဝ သို့မဟုတ် ဘဝ​တစ်​ခု ကျန်းမာ​ချမ်းသာ​ရေး ကျင့်​စဉ်​များ​သည် မိဘ​တို့ ကြုံတွေ့ ဖြတ်​သန်း​ခဲ့​ရ​သော ပညာ​ရေး​ဘဝ သို့မဟုတ် ဘဝ​တစ်​ခု ကျန်းမာ ချမ်းသာ​ရေး ကျင့်​စဉ်​များ​နှင့် ထပ်တူ​ကျ​ခဲ့​လျှင် ကျောင်းသား​အတွက် အကျိုး​အရှိ​ဆုံး ဖြစ်​မည့် အနေအထား ဖြစ်​သည်။ အကယ်၍ ဆရာ​နှင့် မိဘ​တို့ အသီး​သီး ဖြတ်​သန်း​ခဲ့​ကြ​သော ပညာ​ရေး​ဘဝ မ​တူညီ​ခဲ့​ပါ​က ကျောင်းသား​အတွက် အကောင်း​ဆုံး ဖြစ်​နိုင်​ခြေ ရှိ​ဖို့​ရာ မိဘ​နှင့် ဆရာ​တို့​ကြား​တွင် နားလည်​မှု​ကို အချိန်​ယူ တည်ဆောက်​ရန် လွန်စွာ အရေးကြီး​ပါ​သည်။ မိဘ​တို့​အနေ​နှင့် ဆရာ​တို့​၏ လုပ်​ငန်း​ကို အလုံး​စုံ မ​သိ​နိုင်​သည် ဖြစ်​၍ နားလည်​မှု လွဲ​မှား​ခြင်း​များ များ​စွာ​ဖြစ်လာ​နိုင်​သည် ဖြစ်​၍ ၎င်း​မိဘ​နှင့် ဆရာ​ကြား နားလည်​မှု လွဲ​မှား​ခြင်း​များ​သည် ကျောင်းသား​ငယ်​တို့​အတွက် အကောင်း​ဆုံး အနေအထား​များ မဟုတ်​ပါ။

မြန်မာ​နိုင်ငံ​၏ သမိုင်း​ကြောင်း​အရ ခေတ်​အဆက်ဆက် မိဘ​များ​၏ စိတ်ပျက်​ခြင်း၊ အထင်​သေး​ခြင်း ခံ​ခဲ့​ရ​သော ဆရာ​တို့​၏ လုပ်​ငန်း​အပေါ် ယခု​ချက်ချင်း မိဘ​များ​ဘက်​မှ အကောင်း​မြင်​လာ​စေ​ရန် မ​ဖြစ်​နိုင်​ချေ။ ခါး​သီး​သော အတွေ့​အကြုံ​များ​မှ ရ​လိုက်​သော ဆရာ​နှင့်​မိဘ နားလည်​ခြင်း လွဲ​မှား​မှု​နှင့် မ​သင့်မြတ်​မှု အချို့​တို့​သည် မြန်မာ​နိုင်​ငံတော်​သစ် တည်ဆောက်​ရေး ခရီး​ရှည်​ကြီး​ကို ကောင်း​စွာ နှေး​ကွေး​စေ​ဦး​မည်​ကို ကြို​မြင်​ပြီး ဖြစ်​သည်။ ၁​၉​၆​၂ ခု​နှစ် နှောင်း​ပိုင်း​နှင့် မ​ဆ​လ​ခေတ် တစ်​လျှောက်​လုံး ကြုံတွေ့​ခဲ့​ရ​သော ပညာ​ရေး​စနစ်​တို့​က မိဘ​နှင့်​ဆရာ​တို့​ကြား တစ်​ဦး​နှင့်​တစ်​ဦး အထင်​မ​ကြီး​စရာ မ​ယုံကြည်​စရာ​များ​စွာ အမွေ​ဆိုး ချန်​ရစ်​ထားခဲ့​သည်။ ဗုဒ္ဓ​ဘာသာ ယုံကြည်​သက်ဝင် မှု​အရ ဆရာ​တို့​အား အနန္တော​အနန္တ ငါး​ပါး​တွင် အတူတကွ ပါဝင်​နေ​ကြသော်​လည်း မ​ဆ​လ တစ်​ခေတ်​လုံး မိဘ​များ​စွာ​တို့​သည် မိမိ​တို့​၏ ကလေး​ငယ်​များ​ကို ပညာသင်​ကြား​ရာ​တွင် ဆရာ​တို့​၏ လမ်း​ညွှန်​သင်ကြား ဆောင်ရွက်​ချက်​နှင့် မိမိ​တို့​ကလေး​တို့​၏ လုပ်ဆောင်​နိုင်​သော စွမ်း​ရည်ပေါ်​တွင် မည်​သည့်​အခါ​မျှ အားရ​ကျေနပ်​သည် မ​ရှိ​ခဲ့​ကြ​၍ မြန်​မာ့​ဓလေ့​အရ မိဘ​စကား နားထောင်​ကြ​ရ​မည်​ကို အခြေ​ပြု​ကာ မိမိ​တို့​၏ ကလေး​များ​၏ ပညာ​ရေး​ကို မိသား​စု​အလိုက် မိမိ​တို့ စိတ်​ကြိုက် က​ကြိုး​ဖြင့် က​စေ​ခဲ့​ကြ​၍ ပညာ​ရေး​၏ အနှစ်သာရ ပျောက်​ကွယ်​ခဲ့​ရ​ပြီး ဂုဏ်​တု​ဂုဏ်ရောင် ပကာသန အပေါ်ယံ​တို့​နောက် လိုက်​ခဲ့​ကြ​ရင်း တိုင်း​ပြည်​ပါ ပျက်​ခဲ့​ကြ​ရ​ပြီ ဖြစ်​သည်။ တိုင်း​ပြည်​တစ်​ခု ပျက်စီး​ရ​ခြင်း​အပေါ် ပညာ​ရေး ရှု​ထောင့်​တစ်​ခု​မှ ကြည့်​ရှု သုံးသပ်​ခြင်း​သာ ဖြစ်​သည်။

ထို​စဉ်​က အစိုးရ​များ​၏ အားနည်း ချို့​ယွင်း​ချက် များ​ကြောင့် ဆရာ​တို့ မွဲ​တေ​ခဲ့​ကြ​သည်။ ဆရာ​တို့ ဩဇာ​အာဏာ မဲ့​ခဲ့​ကြ​ရ​သည်။ သို့​ဖြစ်​၍ ဆရာ​အများ​စု​မှာ ဩဇာ​ရှိ၊ အာဏာ​ရှိ ငွေ​ရှင်​ကြေး​ရှင်၊ အာဏာ​ရှင်​တို့​၏ အလို​ကျ လိုက်လျော​လိုက်​ပါ က​ပြ​ခဲ့​ကြ​ရ​သော​ကြောင့် မြန်​မာ့​ပညာ​ရေး​မှာ အရုပ်ဆိုး အကျည်းတန်​ခဲ့​သည်။ အနန္တ​ဂိုဏ်း​ဝင်​တို့​၏ ဂုဏ်​နှင့် မ​လိုက်​အောင် အောက်​ကျ​ခဲ့​ကြ​ပြီး ဖြစ်​သည်။ မွဲ​တေ​ခဲ့​ကြ​ရ​ပြီး ဖြစ်​သည်။ ဆရာ၊ ဆရာ​မ​တို့ မ​ချမ်းသာ မ​ကြီးပွား​သ​ရွေ့၊ ဩဇာ​အာဏာ​နှင့် ပညာ​ဂုဏ်​တို့ မ​ရှိ​သ​ရွေ့ မည်​သည့် တိုင်း​ပြည်​မှ မ​တိုးတက်​နိုင်။ ဆရာ​တို့​အပေါ် ဩဇာ​ရှိ အာဏာ​ရှိ​သော ပညာ​မဲ့​တို့ ချုပ်​ကိုင်​နေ​သ​ရွေ့ မည်​သည့်​အစိုးရ အုပ်ချုပ်​နေ​သည်​ဖြစ်​စေ တိုင်း​ပြည် မ​တိုးတက်​နိုင်။ ဆရာ​တို့​၏ သင်ကြား​မှု လွတ်လပ်​မှု မ​ရှိ​သ​ရွေ့၊ သင်ကြား​မှု ဆုံးဖြတ်​ခွင့် မ​ရှိ​သ​ရွေ့ တိုင်း​ပြည် မ​တိုးတက်​နိုင်။ လူကလေး​တစ်​ယောက် တိုးတက်​ကျန်းမာ​အောင် ချမ်းသာ​အောင် လေ့ကျင့်​ပေး​တတ်၊ လေ့ကျင့်​ပေး​နိုင်​လျှင် လူကလေး များ​စွာ​တို့​အား​လည်း အလားတူ ဆောင်ရွက် လေ့ကျင့်​စေ​လျှင် လူ​သား​ပေါင်း​များ​စွာ ကျန်းမာ​ချမ်းသာ လာ​နိုင်​မည်။ သို့​ဆို​လျှင် ကျန်းမာ ချမ်းသာ​သော​လူ​များ နေထိုင်​ရာ တိုင်း​ဌာ​နီ​တို့ ဖွံ့ဖြိုး တိုးတက်​ပြီ ဖြစ်​သည်။

ဆရာဝန်​ဆို​သည် ဆရာဝန် လုပ်​ငန်း​တွင် ကျွမ်းကျင်​ကြ​သည်။ ရှေ့နေ​တို့ ဥပဒေ ကျွမ်းကျင် ကြ​ရ​မည်။ နိုင်ငံ​ရေး​သမား​များ နိုင်ငံ​အရေး​ပို​၍ နားလည်​ကြ​သည်။ ထို​နည်းတူ ကျောင်းဆရာ​တို့ ဆရာ အတတ်​ကို တတ်​ကြ​သည်။

ကျောင်းဆရာ​သည် ဆေး​ပညာ​တွင် ဆရာဝန်​လောက် မ​သိ​နိုင်သော်​လည်း ဆရာ​အတတ်​ကို ကျွမ်းကျင်​သည်။ ကျောင်းဆရာ​သည် ဥပဒေ​ရေးရာ​တွင် ရှေ့နေ​တစ်​ဦး​ကဲ့သို့ နှိုက်​နှိုက်ချွတ်​ချွတ် သိ​ချင်​မှ​သိ​မည်။ သို့သော် ဆရာ​အတတ်​ကို ကျွမ်းကျင်​သည်။

မိဘ​များ​က​လည်း ဆရာ​တို့ မည်သို့​မည်​ပုံ လေ့ကျင့် သင်ကြား​ပေး​မည်​ကို ကိုယ်တိုင် မ​ကြုံတွေ့​ဖူး​ပါ​က အတော်​ခက်​သည်။ များ​စွာ လေ့​လာ​ရန် လို​ပါ​သည်။ များ​စွာ ဖတ်​မှတ်​ရန် လို​သည်။ များ​စွာ နားထောင်​ရန် လို​သည်။ အကောင်း​ဆုံး​ကား မိဘ​များ ဖြတ်​သန်း ကြုံတွေ့​ခဲ့​ရ​သော ပညာ​ရေး​ကျင့်​စဉ်​နှင့် ကလေး​ဖြတ်​သန်း ကြုံတွေ့​နေ​ရ​သော ပညာ​ရေး ကျင့်​စဉ်​တို့ တူညီ​လျှင် ကလေး​အတွက် အကောင်း​ဆုံး ရလဒ်​ရ​မည် ဖြစ်​သည်။

မိဘ​တို့​သည် ရင်သွေး​တို့​အား ပညာသင်​ကြား ပေး​ရာ​တွင် မိမိ​၏ ကိုယ်​တွေ့ အတွေ့​အကြုံ​နှင့် ဆက်​စပ်ယှဉ်​ထိုး​၍ တွေး​ကြ​မည်​မှာ ဓမ္မတာ​ပင်။ ယနေ့​ခေတ် ပုဂ္ဂလိက​ကျောင်း​များ ပေါ်ပေါက်​လာ​သော​အခါ ပုဂ္ဂလိက ကျောင်း​များ​၏ ခေတ်​မီ​နည်း​ပညာ​နှင့် သင်ကြား​မှု နည်း​စနစ်​များ၊ တတ်မြောက်​မှု​၏ စစ်ဆေး​ချက်​များ အတော်​ပင် ကွာ​ခြား​သွား​ပြီ ဖြစ်​သည်။ ခေတ်​လည်း​မ​တူ၊ စနစ် လည်း​မ​တူ၊ ဦးတည်​ရာ​လည်း မ​တူ​သော​ကြောင့် ၎င်း​ပုဂ္ဂလိက ကျောင်း​များ​တွင် သားသမီး​ကို အကောင်း​ဆုံး ဖြစ်​အောင် အပ်​နှံ​ကြ​သည့်​အခါ မိဘ​တို့​လည်း စွန့်စား​မှု​များ၊ စိန်ခေါ်​မှု​များ ကြုံ​ရ​မည်​မှာ မ​လွဲ​ပင်။ ဤ​အဆင့်​ကို အောင်မြင်​စွာ ကျော်​ဖြတ်​ရန် လို​သည်။ ယနေ့ ပုဂ္ဂလိက ကျောင်း​များ​တွင် တက်​ရောက် အောင်မြင်​ပြီး​ကြ​သော ကျောင်းသား​များ မိဘ ဘဝ ရောက်​သည့်​တစ်​နေ့ ၎င်း​တို့​၏ ကလေး​များ​အား ပုဂ္ဂလိက ကျောင်း​များ​၌​ပင် ပြန်လည် အပ်​နှံ​ကြ​လျှင် ထို​စိန်ခေါ်​မှု​များ မ​ရှိ​သ​လောက် လျော့​နည်း​သွား​မည် ဖြစ်​သည်။

မြန်​မာ့​ပညာ​ရေး အပြောင်း​အလဲ လုပ်​ရန် ပြော​ကြ​သည်​ကို ကြားနာ​ရ​တိုင်း ကြုံတွေ့​ရ​မည့် ကြီးမား​သော စိန်ခေါ်​မှု​ကို ပို​၍ ထပ်​ကာ​ထပ်​ကာ သတိရ​စေ​သည်။ မြန်​မာ့​ပညာ​ရေး အပြောင်း​အလဲ​ကောင်း​များ ပြုလုပ်​ရန်​အတွက် အစိုးရ တစ်​ဦး​တည်း ပြောင်းလဲ​၍​မ​ရ။ ပြည်ထောင်​စု​အစိုးရ ဘတ်ဂျက်​မှ ငွေ​လို​သ​လောက် သုံးစွဲ​ရုံ​နှင့် မ​အောင်မြင်​နိုင်။ ဆရာ၊ ဆရာ​မ​တို့​ချည်း ပြောင်းလဲ​ရန် ကြိုးစား​သည်​နှင့်​လည်း ဖြစ်​မ​လာ​နိုင်။ မြန်​မာ့​ပညာ​ရေး အပြောင်း​အလဲ အတွက် ပါဝင် ပြောင်းလဲ​ကြ​ရ​မည့် သူ​များ​မှာ အစိုးရ၊ လုံလောက်​သော ဘတ်ဂျက်၊ ဆရာ ဆရာ​မ​များ၊ ကျောင်းသား​များ​နှင့် မိဘ​များ​ပါ အတူ​ပြောင်းလဲ ဆောင်ရွက်​မှ​ရ​မည်။

ပြည်ထောင်​စု​အစိုးရ​၏ ပညာ​ရေး​ဝန်ကြီး၊ ပညာ​ရေးကော်​မ​တီ ဥက္ကဋ္ဌ၊ ပညာ​ရေး​အတွက် တာဝန်​ယူ ဆောင်ရွက်​မည့်​သူ အားလုံး ပညာ​ရေး လေ့ကျင့်​မှု​မှ​တစ်​ဆင့် မည်သို့​သော နိုင်​ငံ့​သား​ကောင်း ရတနာ​များ မွေး​ထုတ်ပေး​မည်​ကို ကောင်း​ကောင်း နားလည်​ရန် လို​သည်။ ၎င်း​တို့ ပြောင်းလဲ ကျင့် သုံး​မည့် ပညာ​ရေး လေ့ကျင့်​မှု ကျင့်​စဉ်​များ​ကို​လည်း ကိုယ်တိုင် ကျင့်ကြံ အားထုတ် ကြုံတွေ့​ဖူး​သူ​များ ဖြစ်​ရန်လို​သည်။ လို​ကို လို​သည်။ မိ​ခင်​များ ကလေး​မွေး​ကြ​သည့်​အခါ မည်သို့ ဗိုက်​နာသည်​ကို ဖ​ခင်​များ​ဘယ်​လို​မှ မ​သိ​နိုင်၊ နား​မ​လည်​နိုင်​သ​လို ခေတ်​သစ်​ပညာ​ရေး စနစ်​ဖြင့် ကြုံတွေ့​ဖြတ်​သန်း​လာ ခြင်း အတွေ့​အကြုံ မ​ရှိ​သေး​သော ပုဂ္ဂိုလ်​များ​က ပြည်ထောင်​စု အစိုးရ​ကိုယ်စား ပညာ​ရေး ပြုပြင်​ပြောင်းလဲ​ရေး ဆောင်ရွက်​ရန် မ​ဖြစ်​နိုင် မ​အောင်မြင်​နိုင်။ ယောင်​ဝါး​ဝါး ရေး​တေး⁠တေး​သာ ရ​မည်။ ပြတ်သား​သော ရည်​မှန်း​ချက်​များ ချ​မှတ်​၍ လက်တွေ့ အကောင်အထည် ဖော်​နိုင်​သော ပင်မ​စီမံ​ချက် ရေး​ဆွဲ​ရေး​အတွက် အရေးကြီး​သည်။ ပင်မ​စီမံ​ကိန်း မ​ရှိ​ဘဲ ရောက်​တတ်​ရာ​ရာ လျှောက်​လုပ်​နေ​၍ မ​ရ။ ယခု​လည်း ပြည်ထောင်​စု ပညာ​ရေး​ဝန်ကြီး​ဌာန​တွင် ပင်မ​စီမံ​ချက် ရှိ​ပြီး ဖြစ်​မည်။ ဤ​စီမံ​ချက်​ကို လူ​တိုင်း ရှင်းလင်း​စွာ နားလည်​ရန် လို​သည်။ သို့​မှ​သာ ပူးပေါင်း ဆောင်ရွက်​လာ​ကြ​ရန် ရှိ​မည်။

မည်​သည့် ကိစ္စ​တွင်​မ​ဆို နား​မ​လည်​ဘဲ​လုပ်​လျှင် လွဲ​မည်။ လွဲ​ခဲ့​ကြ​ပြီး​လည်း ဖြစ်​သည်။ အလွဲ​ကြီး လွဲ​ခဲ့​ကြ​ပြီး ဖြစ်​သည်။ နောက်ထပ်​၍ နား​မ​လည်​သော သူ​များ​၏ လက်​ထဲ​သို့ ပညာ​ရေး ပြုပြင်​ပြောင်းလဲ​ရေး လုပ်​ငန်း​စဉ်​ကြီး​အား ပုံ​အပ်​မိ​လျှင် ဒု​တိ​ယမ္ပိ၊ တ​တိ​ယမ္ပိ မှား​ဦး​မည်။ မြန်မာ​ပြည် မ​တိုးတက်​နိုင်။ ပြည်ထောင်​စု မြန်မာ​နိုင်ငံ​ကို အမြန်​ဆုံး တိုးတက်​အောင် ဆောင်ကြဉ်း​ပေး​နိုင်​မည့် အဓိက အကြောင်း​တရား​သည် ပညာ​ရေး ပြုပြင်​ပြောင်းလဲ​ရေး​သာ ဖြစ်​သည်။ သို့​ဖြစ်​၍ ပြည်ထောင်​စု​အစိုးရ အနေ​နှင့် သင့်တော်​သော၊ နားလည်​သော၊ တက်​ကြွ​သော၊ အတွေ့​အကြုံ ရှိ​သော ပညာ​တတ် လူ​ငယ်​လူ​ရွယ် လူ​လတ်​များ​ဖြင့် ပြန်လည် ဖွဲ့​စည်း​ရန် လို​သည်။

ပြည်ထောင်​စု​အစိုးရ​၏ ဘတ်ဂျက်​ကို ပညာ​ရေး စနစ်​သစ်​အတွက် ပြည့်စုံ​အောင် စီစဉ်​ပေး​နိုင်​လျှင် ပထမ​ဦး​ဆုံး လုပ်​ရ​မည့် အလုပ်​မှာ ဆရာ​တို့​၏ လ​စာနှင့် ခံစား​ခွင့် တိုး​မြှင့်​ပေး​ရေး ဖြစ်​ပြီး အရေးတကြီး ဒုတိယ ဆောင်ရွက်​ရန်​မှာ ဆရာ​တို့​နှင့် နားလည်​မှု ရ​ယူ​ခြင်း သို့မဟုတ် ဆရာ​မွမ်းမံ သွေးသစ်လောင်း သင်​တန်း​များ ဆောင်ရွက်​ရန် ဖြစ်​သည်။ ဆရာ​တို့ မွမ်းမံ သွေးသစ်လောင်း​ခြင်း​သည် မီ​ဒီ​ယာ အကူအညီ​များ​စွာ လို​သည်။ တစ်​ပြည်​လုံး​ရှိ ဆရာ၊ ဆရာ​မ​များ​အားလုံး အသိအမြင် တူညီ​သွား​စေ​ရန် လို​မည်။ အသိအမြင် တူညီ​သွား​အောင် ဆောင်ရွက်​ရ​မည်။ မည်​သည့် လုပ်​ငန်း​ကို လုပ်​ကြ​မည်၊ ဘာ ကြောင့် လုပ်​ကြ​မည်၊ ဘယ်လောက်​ကြာ​မည်၊ မည်​ကဲ့သို့ အကျိုး​ရှိ​မည်၊ မည်​သည့် အသိအမြင်​တို့ တူညီ​ရန် လို​သည်​ကို ပြော​ပြ​ရ​မည်။ ပြီး​မှ လက်တွေ့​လုပ်​ငန်း​ခွင်​တွင် တူညီ​ကာ ဘယ်​လို အခြေ​ပြု​၍ စုပေါင်း အကောင်အထည် ပေါ်​နိုင်​မည်။ မွမ်းမံ သွေး​သစ် လောင်း​ရန်​အတွက် ဆရာ​များ များ​စွာ​မ​လို၊ မီ​ဒီ​ယာ အင်အား​သုံး​၍ လူထု​ယုံကြည်​မှု ရှိ​သည့် ပုဂ္ဂိုလ်​၏ ဦးဆောင်​မှု​ဖြင့် ပူးတွဲ ဆောင်ရွက်​ပါ​က ငွေ​ကုန်​ကြေး​ကျ မ​များ​ဘဲ အောင်မြင်​မည်။ ယနေ့ မြန်မာ​နိုင်ငံ​ရှိ တာဝန် ထမ်း​ဆောင်​နေ​သော ဆရာ​များ​အားလုံး တန်ဖိုး​ရှိ​သည်။ တန်ဖိုး​ကြီး​သည်။ ၎င်း​လက်​ရှိ ဆရာ​တို့​အား သွေးသစ်လောင်း​နိုင်​လျှင် ကာလ​တို⁠တို​အတွင်း ခရီး​အတော် ပေါက်​နိုင်​သည်။ များ​စွာ ပြုပြင်​ရန်​မ​လို သုံး​နှစ် ကာလ​ခန့်​အတွင်း ပညာ​ရေး​စနစ်​ကောင်း တစ်​ခု​ဆီ​သို့ စတင်​ဦးတည် သွား​နိုင်​မည်​ဟု ယုံကြည် သည်။

မြန်​မာ့ ပညာ​ရေး​လောက တစ်​ခု​လုံး​သည် လွန်စွာ​ကျယ်​ပြန့်​၍ အားလုံး​တစ်​ပြိုင်​နက် ချက်ချင်း ပြုပြင်​ပြောင်းလဲ​၍ မ​ဖြစ်​နိုင်။ အောက်​ခြေ​က​စ​၍ ပြောင်း​ရ​မည်။ မူ​ကြို​က​စ​၍ ပြောင်း​ရ​မည်။ သူငယ်​တန်း​မှ ၁​၂ တန်း​အထိ တစ်​ပြိုင်​တည်း ပြောင်း​ရ​မည်။ ပြီး​နောက် တက္ကသိုလ် ပညာ​ရေး​ကို ဆက်လက်​၍ ပြောင်း​မည်။ သွေးသစ်လောင်း လုပ်​ငန်း​စဉ်​သည် မူ​ကြို​များ​မှ တက္ကသိုလ် ဘွဲ့​လွန်​ဆရာ များ​အထိ အကျုံး​ဝင်​သည်။ သွေးသစ်လောင်း​ခြင်း လုပ်​ငန်း​စဉ်​သည် ဆရာ​များ​အတွက် သာ​မက မိဘ​များ၊ ကျောင်းသား​များ၊ အစိုးရ တာဝန်ရှိ​သူ​များ တစ်​ပြည်ထောင်​စု​လုံး သိ​ထား​ရန် လို​သည့် ကိစ္စ​ကြီး ဖြစ်​၍ အားလုံး ကျယ်⁠ကျယ်​ပြန့်​ပြန့် သိရှိ​ရန် ဆောင်ရွက်​ရ​မည်။ မည်​သည့် အရာ​မ​ဆို လုပ်​တတ်​လျှင် လွယ်​၍ မ​လုပ်​တတ်​လျှင် ခက်​မည်။ လုပ်​တတ်​သူ​များ​လုပ်​မှ အောင်မြင်​မည်။ တိုင်း ပြည် တိုးတက်​ရေး​အတွက် အရေး​ပါသော လုပ်​ငန်း​ဖြစ်​၍ အားလုံး စိတ်ဝင်စား​အောင် လုပ်​ရ​မည်။ ပြည်ထောင်​စု​အစိုးရ​နှင့် ဥပဒေ​ပြု လွှတ်တော်​တို့​မှ လို​အပ်​သော ဥပဒေ​များ ပြု​ပေး​ရန်​လည်း လို​သည်။

Credit to The Voice

Share Button

Click here to submit your review.


Submit your review
* Required Field

 

1514 total views, 3 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • nelsonmandela

    မင်​ဒဲ​လား​ပြော​ခဲ့​သော စကား​တစ်​ခွန်း

    by on 2014年1月27日 - 0 Comments

    Written by ဦးတင်​ဦး (ကျူ​ရှင်) လွန်​ခဲ့​တဲ့​သောကြာနေ့​ည​က ည​စဉ်​သွား​နေကျ​ဆေး​ခန်း​သို့ ရောက်​သွား​သော​အခါ ဆရာဝန်​၏​အိမ်​မှ​ရုပ်​မြင် သံ​ကြား​ဖန်​သား ပြင်ပေါ...