Welcome, visitor! [ Register | LoginRSS Feed  | 

ယာဉ်​ကြော​ပိတ်​ဆို့​မှု​ကြောင့် ထိခိုက်​သွား​သော​ဘဝ​များ

| Life Style | 2013年11月18日

Written by အောင်​သစ်​လွင်၊ ဇွဲ​မာန်၊ အေး​မြတ်​သူ၊ ရှင်း​ရှင်း

ကမ္ဘာကျော်​န​ယူး​ယောက်​တိုင်း(မ်)သတင်းစာ အုပ်ချုပ်​မှု​အယ်​ဒီ​တာ​ဟောင်း​ဂျွန်​က သူ ပထမ​ဆုံး​မြန်မာ​နိုင်ငံ​ခရီး​စဉ်​တွင် အံ့​အား​အသင့်​ဆုံး​က ဘာ​လဲ​ဟု​မေး​သော​အခါ ယာဉ်​ကြော​ပိတ်​ဆို့​မှု​ပြဿနာ​ဟု ပြော​ပါ​သည်။

ကမ္ဘာ့​နိုင်ငံ​များ​စွာ​သို့ လှည့်လည်​နေ​သော သူ့​အတွက် မြန်မာ​ကဲ့သို့ စီးပွား​ရေး​မ​ဖွံ့ဖြိုး​သော​နိုင်ငံ​ငယ်​တွင် ရန်ကုန်မြို့​လူထု​မှာ ဆိုးရွား​လှ​သော ယာဉ်​ကြော​ပိတ်​ဆို့​မှု​ကြား မည်သို့​နေ့စဉ်​လုပ်​ငန်း​များ လုပ်ကိုင်​နေ​ကြ​သ​နည်း​ဟု သူ​အံ့ဩ​စွာ မေးခွန်း​ပြန်​ထုတ်​သည်။

အစိုးရ​သစ်​လက်ထက်​တွင် ပထမ​ဆုံး​ဦး​ဆုံး​အကြိမ် ယာဉ်​အို​ယာဉ်​ဟောင်း​များ​အပ်​နှံ​ပြီး အစားထိုး​တင်​သွင်း​စနစ်​နှင့် လွတ်လပ်​စွာ မော်တော်​ယာဉ်​တင်​သွင်း​ခွင့်​ပြု​လိုက်​ပြီး​နောက်​ပိုင်း ရန်ကုန်မြို့​၏ ယာဉ်​ကြော​ပိတ်​ဆို့​မှု​ပြဿနာ​မှာ ၂ နှစ်​အတွင်း အဆိုး​ရွား​ဆုံး​ဖြစ်လာ​သည်။ ထို​ပြဿနာ​၏ နောက်ဆက်တွဲ​အဖြစ် မြို့တွင်း​ခရီးသည်​တင်​ဘတ်စ်ကား​ယာဉ်​မောင်း​များ၊ အငှား​ယာဉ်​မောင်း​များ​အပြင် အိမ်​စီး​ကား​မောင်း​နှင်​သူ​များ​သာ​မက မိမိ​တို့ ဘဝ​ရပ်​တည်​မှု​အခြေအနေ​အရ ရန်ကုန်မြို့​အတွင်း လှည့်လည်​သွား​လာ​နေ​ရ​သည့် အလွှာ​အသီး​သီး​မှ လူ​တန်း​စား​ပေါင်း​စုံ​မှာ ယင်း​ပြဿနာ​ကို နိစ္စ​ဓူ​ဝ​ရင်ဆိုင်​နေ​ရ​သည်။

“အရင်​တုန်း​က တစ်​နေ့​ကို အုံ​နာ​ခ​ပေး​ပြီး တစ်​သောင်း​လောက် သာသာ​ယာ⁠ယာ​ရှာ​လို့​ရ​တယ်။ အခု​က မ​ရ​တော့​ဘူး။ လမ်းပေါ်​မှာ​တင် အချိန်​တွေ​ကုန်​နေ​တာ”ဟု ရန်ကုန်မြို့​မှ တက္က​စီ​ယာဉ်​မောင်း​ကိုကျော်​ဦး​က ပြော​သည်။

လွတ်လပ်​စွာ ယာဉ်​တင်​သွင်း​ခွင့်​ပြု​ပြီး​နောက်​ပိုင်း တက္က​စီ​ယာဉ်​အစီး​ရေ​မှာ​လည်း ရန်ကုန်မြို့​လမ်းမ​များ​ထက်​တွင် ပိုမို​များပြား​လာ​ကာ ယာဉ်​မောင်း​များ​၏ နေ့စဉ်​တစ်​ဦး​ချင်း ဝင်ငွေ​ကို​လည်း ထိခိုက်​လာ​ပြီး မိသား​စု​စား​ဝတ်နေ​ရေး​အပေါ် ဆိုးရွား​စွာ​သက်ရောက်​ခဲ့​ကြောင်း ခရီးသည်​တင်​ဘတ်စ်ကား ယာဉ်​မောင်း​များ​နှင့် တက္က​စီ​ယာဉ်​မောင်း​များ​က ပြော​သည်။

“ဟို​တုန်း​က တစ်​နေ့​ကို ပုံ​မှန်​ငါးကြောင်း​လောက်​မောင်း​ရ​ပြီး အုံ​နာ​အတွက် ပိုက်ဆံ​ပို​ရှာ​နိုင်​တော့ ကား​ပိုင်​သူဌေး​က ကြည်ဖြူ​တယ်။ အခု​နောက်​ပိုင်း သုံး​ကြောင်း​လောက်​ပဲ​ဆွဲ​နိုင်​တော့ အုံ​နာ​ကို​အပ်​တဲ့ ပိုက်ဆံ​နည်း​သွား​လို့ အရင်​လို မ​ကြည်ဖြူ​တော့​တဲ့​အတွက် အလုပ်​လုပ်​ရ​တာ အဆင်​မ​ပြေ​ဘူး”ဟု ဒ​ညင်း​ကုန်း​လမ်းဆုံ​နှင့် ဒ​ဂုံ​တက္ကသိုလ်​သို့ ပြေး​ဆွဲ​သည့် ၂​၀​၂ ယာဉ်​လိုင်း​မှ ယာဉ်​နောက်​လိုက် ကို​သက်​ဦး​က​ပြော​သည်။

ကို​သက်​ဦး​သည် ယာဉ်​နောက်​လိုက်​အတွေ့​အကြုံ ရှစ်​နှစ်​ခန့်​ရှိ​ပြီ​ဖြစ်​သည်။ သူ​၏​လုပ်​သက်​တစ်​လျှောက်​လုံး ကား​ပိုင်​ရှင်​သူဌေး​နှင့် အပေး​အယူ​မျှ​ကာ မိသား​စု​သဖွယ် ဆက်ဆံ​ရေး​ရှိ​ခဲ့​သည်။ ယာဉ်​ကြော​ပိတ်​ဆို့​မှု​များ​ကြောင့် နေ့စဉ်​ပုံ​မှန်​ပြေး​ဆွဲ​ရ​သည့် အုံ​နာ​ခ​မ​အပ်​နိုင်​သည့်​အခါ သူ​၏​ယာဉ်​နောက်​လိုက်​အလုပ်​ကို​ပင် စွန့်ခွာ​ချင်​ပြီ​ဟု ကို​သက်​ဦး​က​ပြော​သည်။ “ကား​သမား​အလုပ်​က ထောင်​နှုတ်ခမ်း​ကို​နင်း​ပြီး လုပ်​နေ​ရ​တာ။ ပုံ​မှန်​ဝင်ငွေ​ရ​နေ​ပြီး ဒီ​အလုပ်​ကို သံယောဇဉ်​ဖြစ်​နေ​ပေ​မယ့် အုံ​နာ​က​တစ်​မျိုး၊ ပိုက်ဆံ​ရ​တာ​နည်း​လို့ မိန်းမ​က မ​ကြည်ဖြူ​တာ​တစ်​မျိုး​နဲ့ နေ့​တိုင်း​စိတ်ညစ်​ရ​တယ်။ လမ်းပေါ်​က အခြေအနေ​တွေ​ကို သူ​တို့​သိ​တာ​မဟုတ်​ဘူး”ဟု လက်​ထဲ​မှ ယာဉ်​စီး​ခ​ငွေ​စက္ကူ​အရွယ်​စုံ​ကို ရေတွက်​ရင်း​ပြော​သည်။

ရန်ကုန်မြို့​တွင်း အရေး​ကိစ္စ​မျိုး​စုံ​ကြောင့် နိစ္စ​ဓူ​ဝ​သွား​လာ​နေ​သည့် ဘတ်စ်ကား​အသုံးပြု​သူ ခရီးသည်​အရေအတွက်​မှာ ၂ ဒသမ ၄ သန်း​ခန့်​ရှိ​ပြီး သွား​လာ​ရေး​အတွက် နေ့စဉ်​အသုံးပြု​နေ​သည့် ဘတ်စ်ကား​အရေအတွက်​မှာ ၄​၃​၀​၀ သာ​ရှိ​ကြောင်း ရန်ကုန်တိုင်း​ဒေသ​ကြီး မော်တော်​ယာဉ်​ထိန်း​သိန်း​ရေး​ကြီးကြပ်​မှု ဗ​ဟိုကော်​မ​တီ​က စာရင်း​ထုတ်​ပြန်​ထား​သည်။

ယာဉ်​ကြော​ပိတ်​ဆို့​မှု ဆိုးရွား​စွာ​ဖြစ်ပေါ်​နေ​သည့် ရန်ကုန်မြို့​တွင်း လမ်းမ​များပေါ်​တွင် ယခု​အခါ ကား​အစီး​ရေ သုံး​သိန်း​နှစ်​သောင်းကျော် နေ့စဉ်​အသုံးပြု​နေ​သည်။ အဆို​ပါ ယာဉ်​များ​အနက်​မှ မြို့တွင်း​သွား​လာ​ရေး​အတွက် ခရီးသည်​တင်​ဘတ်စ်ကား​အဖြစ် အသုံးပြု​နေ​သော ယာဉ်​အရေအတွက်​မှာ ၄​၃​၀⁠၀ ကျော်၊ တက္က​စီ​စီး​ရေ လေး​သောင်းကျော်​ရှိ​သည်။ ထို​ကြောင့် အများ​စု​မှာ အိမ်​သုံး​ကား​များ​နှင့် လုပ်​ငန်း​သုံး​ကား​များ ဖြစ်​သည်။

သို့သော် ရန်ကုန်မြို့​တွင် လမ်း​အချိုးအစား​နှင့် သွား​လာ​နေ​သည့် ကား​အရေအတွက်​မှာ အချိုးအစား​မ​မျှတ​ကြောင်း မြို့ပြ​အင်​ဂျင်​နီ​ယာ ပညာ​ရှင်​ဒေါက်​တာကျော်​လတ်​က ပြော​သည်။

ယာဉ်​ကြော​ပိတ်​ဆို့​မှု​ကြောင့် လို​ရာ​ခရီး​နှောင့်နှေး​ရ​သည့် အကျိုး​ဆက်​ကို အခြေ​ခံ​လူ​တန်း​စား အလုပ်​သမား​များ​အပြင် မြို့​ပြင်​တွင် တည်ထား​သည့် တက္ကသိုလ်​များ​သို့ သွား​လာ​နေ​ရ​သော ပညာ​ရေး​ဝန်​ထမ်း​များ​နှင့် ကျောင်းသား၊ ကျောင်း​သူ​များ​လည်း ရင်ဆိုင်​ကြုံတွေ့​နေ​ရ​သည်။

“အိမ်​က​နေ ရုံး​ကို​လာ​တာ ကားပေါ်​မှာ​တင် တိုင်​ပတ်​နေ​တယ်။ တက္က​စီ​ငှား​စီး​ဖို့​လည်း ပိုက်ဆံ​မတတ်​နိုင်​ဘူး။ ရုံး​နောက်ကျ​ရင်​လည်း လ​စာ​က အဖြတ်​ခံ​ရ​ဦး​မယ်။ ဘယ်​သူ့​ကို အဖေခေါ်​ရ​မှန်း မ​သိ​တော့​ဘူး”ဟု ဆောက်​လုပ်​ရေး​ကုမ္ပဏီ​ဝန်​ထမ်း​တစ်​ဦး​က​ပြော​သည်။

“ကျောင်း​ကို အရင်​က ၄​၅ မိ​နစ်​လောက် ကား​စီး​ရ​ပြီး အခု တစ်​နာရီ​ခွဲ​လောက်​စီး​မှ ရောက်​တယ်။ ရုံး​ချိန်​မီ​ဖို့ အစောကြီး​ထ​ပြီး ကား​စီး​ရ​တဲ့​အတွက် မိသား​စု​ကို​တောင် အချိန်​မ​ပေး​နိုင် ဖြစ်​နေ​ပြီ”ဟု ဒ​ဂုံ​တောင်​ပိုင်း​မြို့​နယ် စိတ်​ကျန်းမာ​ရေး​ဆေး​ရုံ​အနီး​တွင် ဖွင့်​လှစ်​ထား​သည့် စီးပွား​ရေး​တက္ကသိုလ် (ရွာ​သာ​ကြီး)သို့ သွား​ရောက်​ရ​သည့် မြောက်​ဥက္က​လာ​ပ​မြို့​နယ်​တွင် နေထိုင်​သူ က​ထိ​က​ဆရာ​မက​ပြော​သည်။

မြောက်​ဥက္က​လာ​ပ​မြို့​နယ်​မှ စီးပွား​ရေး​တက္ကသိုလ်(ရွာ​သာ​ကြီး)သို့ ဖယ်​ရီ​ဖြင့် ယခင်​က ၄​၅ မိ​နစ်​ခန့်​စီး​လျှင် ရောက်​နိုင်သော်​လည်း ယခု​အခါ ကားပေါ်​တွင် တစ်​နာရီ​ခွဲခန့် အချိန်​ဖြုန်း​ပြီး​မှ​သာ ရောက်​တော့​ကြောင်း စီးပွား​ရေး​တက္ကသိုလ် ဒုတိယ​နှစ်​ကျောင်း​သူ မ​ဖြိုးသော်​တာ​က​ပြော​သည်။

“လမ်းပန်း​ဆက်​သွယ်​ရေး၊ ဒါ​မှ​မဟုတ် ပညာ​ရေး​ဆို​တာ​တွေ​ကို အစိုးရ​တာဝန်ရှိ​သူ​တွေ ဘယ်​လို​စီမံ​ကိန်း​ချ​တယ်​ဆို​တာ ကျွန်မ​တို့​မ​သိ​ဘူး။ ဒါပေမဲ့ ကျောင်း​သူ၊ ကျောင်းသား​တွေ နေ့စဉ်​ရင်ဆိုင်​နေ​ရ​တဲ့ ယာဉ်​ကြော​ပိတ်​ဆို့​မှု​ပြဿနာ​ကို​တော့ အစိုးရ​အနေ​နဲ့ အမြန်​ဆုံး​ဖြေ​ရှင်း​ပေး​စေ​ချင်​တယ်။ ဒါ​ဟာ ကျွန်မ​တို့​အတွက် အရမ်း​အရေးကြီး​ပါ​တယ်”ဟု မ​ဖြိုးသော်​တာ​က သူ​၏​လိုလား​ချက်​ကို​ပြော​သည်။

မြို့​ပြင်​တွင် တည်ဆောက်​ထား​သော တက္ကသိုလ်​များ​ဆီ​သို့ သွား​ရောက်​ကြ​သည့် ကျောင်းသား​အများ​စု​မှာ ယာဉ်​ကြော​ပိတ်​ဆို့​မှု​ကြောင့် မိမိ​တို့​စာ​သင်​ခန်း​သို့​မ​ရောက်​မီ ကားပေါ်​တွင် အချိန်ကုန်​လူ​ပင်ပန်း​ဖြစ်​ကာ မိမိ​သင်ကြား​မည့် ဘာသာ​ရပ်​အပေါ်​တွင် အာရုံ​စူး​စိုက်​နိုင်​မှု​နည်းပါး​သွား​ကြောင်း ဒ​ဂုံ​တက္ကသိုလ် ပထမ​နှစ်​ကျောင်းသား ကျော်​ထက်​အောင်​က​ပြော​သည်။

“အိမ်​က​ထွက်​ပြီး ကျောင်း​ရောက်​တဲ့​အချိန် လမ်း​မှာ​ကား​ပိတ်​တာ​နဲ့ အနည်း​ဆုံး​တော့ စာ​သင်​ချိန်​နှစ်​ချိန်​လောက် လွတ်​သွား​တယ်။ အဲ​ဒီ​တော့ စာ​သင်​ချင်​စိတ်​မ​ရ​ရှိ​တော့​ဘဲ ကျောင်း​ကို​ရောက်​ပေ​မယ့် အပြင်​မှာ​ပဲ​နေ​တာ​များ​တယ်”ဟု ကျော်​ထက်​အောင်​က​ပြော​သည်။

ဖွံ့ဖြိုး​ပြီး​နှင့် ဖွံ့ဖြိုး​ဆဲ​နိုင်ငံ​အများ​စု​ရှိ မြို့​ကြီး​များ​တွင် ရင်ဆိုင်​ကြုံတွေ့​ရ​လေ့​ရှိ​သည့် ယာဉ်​ကြော​ပိတ်​ဆို့​မှု​ပြဿနာ​ကို သက်ဆိုင်​ရာ​နိုင်ငံ​အစိုးရ​များ​က မြေ​အောက်​ရထား၊ ကောင်းကင်​ရထား​စနစ်​နှင့် ဘီ​အာရ်​တီ​ကဲ့သို့​သော အဆင့်​မြင့်​သယ်ယူ​ပို့ဆောင်​ရေး​စနစ် အသုံးပြု​၍ ဖြေ​ရှင်း​လေ့​ရှိသော်​လည်း မြန်မာ​နိုင်ငံ​တွင်​မူ ယခု​အချိန်​မှ​သာ ဘီ​အာရ်​တီ​စနစ်​ကို စတင်​အကောင်​အထည်ဖော်​ရန် ကြိုးပမ်း​နေ​ဆဲ​ဖြစ်​သည်။

လက်​ရှိ​အစိုးရ​အဖွဲ့​အစည်း​အနေ​ဖြင့် ဘီ​အာရ်​တီ​စနစ်​ကို မဖော်​ဆောင်​မီ​ကာလ​တွင် မြို့တွင်း​ယာဉ်​ကြော​ပိတ်​ဆို့​မှု​ပြဿနာ​ကို ဖြေ​ရှင်း​နိုင်​မည်​ဟု​ဆို​သော ခုံးကျော်​တံတား​စီမံ​ကိန်း​သုံး​ခု​ကို အမြန်​ဆုံး​တည်ဆောက်​ရန် ကြိုးပမ်း​ခဲ့​သည်။ လက်​ရှိ​အချိန်​တွင် အဆို​ပါ ခုံး​တံတား​သုံး​စင်း​အနက် နှစ်​စင်း​မှာ စတင်​အသက်​ဝင်​နေ​ပြီ ဖြစ်​သည်။ သို့သော် ယာဉ်​ကြော​ပိတ်​ဆို့​မှု​ပြဿနာ​ကို ဖြေ​ရှင်း​ရန်​မ​စွမ်းနိုင်​သေး​ပေ။ ဘတ်ဂျက်​အခြေ​အနေပေါ်​မူ​တည်​၍ ရန်ကုန်တိုင်း​ဒေသ​ကြီး​အတွင်း​တွင် ခုံးကျော်​တံတား​များ တိုး​မြှင့်​တည်ဆောက်​သွား​မည်​ဖြစ်​ကြောင်း ရန်ကုန်တိုင်း​ဒေသ​ကြီး လမ်းပန်း​ဆက်​သွယ်​ရေး​ဝန်ကြီး ဦး​အောင်​ခင်​က​ပြော​သည်။

“အစိုးရ​အဖွဲ့​အနေ​နဲ့ ယာဉ်​ကြော​ပိတ်​ဆို့​မှု​တွေ​ကို လတ်​တ​လော​ဖြေ​ရှင်း​နိုင်​ဖို့ မြို့တွင်း​ယာဉ်​မ​ရပ်​ရ​ဇုန်​တွေ​သတ်​မှတ်​ပြီး စည်းကမ်း​မဲ့​ရပ်​ထား​တဲ့ ယာဉ်​တွေ​ကို က​ရိန်း​တွေ​နဲ့​ဆွဲ​ပြီး အရေးယူ​တာ​မျိုး​တွေ လုပ်​နေ​ရ​တယ်”ဟု ဝန်ကြီး​ဦး​အောင်​ခင်​က​ပြော​သည်။ တက္က​စီ​အငှား​ယာဉ်​များ​မှာ​လည်း ရန်ကုန်မြို့​တွင်း လမ်းမ​များပေါ်​တွင် နေ့စဉ်​သွား​လာ​နေ​ပြီး မြို့တွင်း​ယာဉ်​ကြော​ပိတ်​ဆို့​မှု​၏ နောက်ဆက်တွဲ​ပြဿနာ​များ​ကို ကြုံတွေ့​နေ​သည်။

“အခု ဘယ်​နေရာ​မှာ​ပဲ​ဖြစ်​ဖြစ် လမ်း​တွေ​ကျပ်​နေ​တယ်။ ချောင်​ကြို​ချောင်​ကြား​က​အစ ကျပ်​တယ်။ ကား​တွေ​ကျပ်​တော့ အုံ​နာ​နဲ့ မောင်း​တဲ့​ယာဉ်​မောင်း​တွေ​ဆို​ရင် အလုပ်​ချိန်​တွေ ပြောင်း​လာ​ကြ​တယ်။ မနက်​အစောကြီး​ထ​ဆွဲ နေ့လယ်​ပိုင်း​ခဏ​နား​ပြီး ည​ဘက်​တစ်​ည​လုံး ပြန်​ဆွဲ​တယ်”ဟု တက္က​စီ​ယာဉ်​မောင်း​ကို​ဌေး​လွင်​က​ပြော​သည်။

ရန်ကုန်မြို့​တွင် ယာဉ်​ကြော​ပိတ်​ဆို့​ပြဿနာ​ကြီးမား​ရ​ခြင်း​မှာ လမ်း​တံတား​ကဲ့သို့ အခြေ​ခံ​အဆောက်အအုံ​များ မ​လုံလောက်​ခြင်း​အပြင် လူ​အများ​စု​၏ ယာဉ်​စည်းကမ်း၊ လမ်း​စည်းကမ်း လိုက်နာ​မှု​အားနည်း​ခြင်း​ကြောင့်​ဖြစ်​ကြောင်း၊ ၂​၀​၂ မ​ထ​သ ယာဉ်​လိုင်း​မှ ယာဉ်​ပိုင်​ရှင်​တစ်​ဦး​က​ပြော​သည်။

“ကား​တစ်​စီး​ကို သိန်း​ရာ​နဲ့​ချီ​ပြီး​တော့ ရင်းနှီး​မြှုပ်​နှံထား​ပေ​မယ့် အရင်​လို ပိုက်ဆံ​မ​ရ​တော့​ဘူး။ လမ်း​တွေ​ပိတ်​ဆို့​ပြီး ယာဉ်​တိုက်​မှု​မ​ကြာ​ခဏ​ဖြစ်​လို့ ရှင်း​နေ​ရ​တာ​နဲ့​တင် ကား​လောက​ကို စိတ်ကုန်​နေ​ပြီ။ ဒါပေမဲ့ ဘဝ​ကို​ရပ်​တည်​နေ​ရ​တဲ့ အလုပ်​သမား​တွေ​က ရှိ​နေ​သေး​တော့ ရသ​လောက် ကြိုးစား​ပြီး​တော့ လုပ်​နေ​ဦး​မယ်”ဟု အဆို​ပါ​ယာဉ်​ပိုင်​ရှင်​က​ပြော​သည်။

ထို့​အပြင် ရုံးဆင်း၊ ရုံးတက်​အချိန်​များ​၌ လူစည်​ကား​ရာ​နေရာ​များ​တွင် ရောင်းချ​နေ​သည့် လမ်း​ဘေး​ဈေးသည်​များ​ကြောင့်​လည်း ယာဉ်​ကြော​ပိတ်​ဆို့​မှု​ဖြစ်ပေါ်​စေ​ပြီး သက်ဆိုင်​ရာ​တာဝန်ရှိ​သူ​များ​အနေ​ဖြင့် ယင်း​ပြဿနာ​ကို ပြေလည်​အောင် ဖြေ​ရှင်း​ပေး​စေ​ချင်​ကြောင်း ယာဉ်​မောင်း​နှင့် ယာဉ်​နောက်​လိုက်​အချို့​က​ဆို​သည်။

ခရီးသည်​နှင့် မော်တော်​ကား​အစီး​ရေ မ​မျှ​မ​တ​ဖြစ်​နေ​သည့်​အပြင် တွေ့​ကြုံ​နေ​ရ​သော ယာဉ်​ကြော​ပိတ်​ဆို့​မှု​ပြဿနာ​ကို အစိုးရ​အနေ​ဖြင့် ဖြေ​ရှင်း​မည်​ဆို​ပါ​က ယာဉ်​လိုင်း​များ တိုး​ချဲ့​ပြေး​ဆွဲ​ခြင်း​ထက် မြို့​ပတ်​ရထား​လမ်း​များ တိုး​ချဲ့​ကာ တစ်​နေရာ​မှ​တစ်​နေရာ​သို့ မီးရထား​ဖြင့် လွယ်ကူ​စွာ​သွား​လာ​နိုင်​ရေး​ကို​သာ ဦးစားပေး​ဆောင်ရွက်​သင့်​ကြောင်း ယာဉ်​မောင်း​သက်​တမ်း နှစ်​လေး​ဆယ်​ခန့် အတွေ့​အကြုံ​ရှိ​သော တက္က​စီ​ယာဉ်​မောင်း​တစ်​ဦး​က အကြံ​ပြု​သည်။

လွန်ခဲ့သော​မတ်​လ​က အမေ​ရိ​ကန်​နိုင်ငံ​သို့ အလုပ်​ကိစ္စ​ဖြင့် သွား​ရောက်​ခဲ့​သော ကို​အောင်ဇော်​မင်း​မှာ နိုဝင်ဘာ ၁​၀ ရက်​က ရန်ကုန်မြို့​သို့ ပြန်လည်​ရောက်​ရှိ​လာ​ခဲ့​ပြီး မြို့တွင်း​ယာဉ်​ကြော​ပိတ်​ဆို့​မှု​မှာ အမေ​ရိ​က​သို့​မ​သွား​မီ အခြေအနေ​နှင့် လွန်စွာ​ကွာ​ခြား​သွား​ကြောင်း အံ့ဩ​စွာ​ပြော​ကြား​သည်။

“လမ်း​တွေပေါ်​မှာ ကား​တွေ​ပို​ကျပ်​လာ​တယ်။ ကား​တွေ​က ပို​ကောင်း​လာ​ပြီး တက္က​စီ​တွေ​က ပို​များ​လာ​တယ်။ လမ်း​တွေ​ကတော့ အရင်​လို​ပဲ မ​ကောင်း​သေး​ဘူး”ဟု ခုနစ်​လတာ​ကင်းကွာ​ခဲ့​သော ရန်ကုန်မြို့​၏ အခြေအနေ​ကို ကို​အောင်ဇော်​မင်း​က ပြော​သည်။

ယာဉ်​ကြော​ပိတ်​ဆို့​ခြင်း​ပြဿနာ​မှာ သွယ်​ဝိုက်​သော​နည်း​လမ်း​များ​ဖြင့် မိမိ​တို့​၏​စား​ဝတ်နေ​ရေး​နှင့် မိသား​စု​ဆက်ဆံ​ရေး​များ​အပေါ် ဆိုးရွား​စွာ​လွှမ်းမိုး​မှု​များ​ရှိ​နေ​ကြောင်း ဒ​လ​မှ ရန်ကုန်​သို့ နေ့စဉ်​ပုံ​မှန် အလုပ်​လုပ်ကိုင်​ရန်​လာ​သော နေ့​စား​အလုပ်​သမား​များ​က​ဆို​သည်။

“အလုပ်​က ၈ နာရီ​ဆို​ရင် အရင်​က​ပုံ​မှန် ၇ နာရီ​လောက် အိမ်​က​စော​ထွက်​ရင်​ရ​တယ်။ အခု​အလုပ်​ကို ၈ နာရီ​ရောက်​ဖို့​ကို အိမ်​က​နေ မနက် ၅ နာ​ရီကျော်​လောက်​ကတည်းက ထ​ရ​တယ်။ ပြန်​ရောက်​တော့​လည်း ည ၁​၁ နာရီ​လောက်​မှ​ဆို​တော့ အိမ်​က ကလေး​တွေ​က အဖေ​ကို​တောင် မ​ခင်တွယ်​တော့​ဘူး။ ဒီ​ကြား​ထဲ မိသား​စု​များ​ပြီး အလုပ်​က​လည်း​ပါး​တော့ ဘာ​မှ​ကို​အဆင်​မ​ပြေ​ပါ​ဘူး”ဟု ဒ​လ​မှ နေ့​စား​ဆောက်​လုပ်​ရေး​အလုပ်​သမား ကို​ဝ​လုံး​က​ပြော​သည်။

အစိုးရ​သစ်​လက်ထက် နိုင်ငံ​ရေး​ဖြစ်​စဉ် တိုးတက်​ပြောင်းလဲ​မှု​နှင့် ပွင့်လင်း​လာ​သည့်​အခြေအနေ​များ​ကြောင့် ယခု​နှစ်​အတွင်း မြန်မာ​နိုင်ငံ​သို့ နိုင်ငံ​ခြား​သား​ခရီးသည် အဝင်​အထွက်​ပိုမို​များပြား​လာ​သည်။

နေ့စဉ်​ဝင်ငွေ​နည်းပါး​လာ​သည့် အခြေအနေ​များ​ကြောင့် အချို့​တက္က​စီ​ယာဉ်​မောင်း​များ​မှာ လာ​ရောက်​လည်ပတ်​သည့် နိုင်ငံ​ခြား​သား​ခရီးသည်​များ​အပေါ် ယာဉ်​စီး​ခ​များ ပုံ​မှန်​ထက် ပိုမို​တိုး​တောင်း​လာ​ခြင်း​မျိုး တွေ့​ကြုံ​လာ​ရ​ကြောင်း ဧည့်​လမ်း​ညွှန်​တစ်​ဦး​ဖြစ်​သူ ကိုဇော်​ဘုန်း​လင်း​က​ပြော​သည်။

“ကား​သမား​တွေ​ကို​လည်း ကိုယ်​ချင်း​စာ​ပါ​တယ်။ ကား​က ဆွဲ​မ​ကောင်း​တော့ နယ်​မြေ​ကျွမ်းကျင်​မှု​မ​ရှိ​တဲ့ နိုင်ငံ​ခြား​သား​ခရီးသည်​တွေ​အပေါ် အခု​လို ပိုက်ဆံ​ပို​တောင်း​တာ။ ဒါပေမဲ့ တိုး​ရစ်​တွေ​က လေ​ယာဉ်ပေါ်​က​ဆင်း​တာ​နဲ့ သူ​တို့​နဲ့ အရင်​တွေ့​ရ​မှာ။ နိုင်ငံ​ရဲ့​ပုံ​ရိပ်​အတွက် မ​ကောင်း​ဘူး”ဟု ကိုဇော်​ဘုန်း​လင်း​က​ပြော​သည်။

နိုင်ငံ​အများ​စု​တွင် ကျင့်​သုံး​လာ​ကြ​သည့် နိုင်ငံ​တစ်​နိုင်ငံ​၏ ဖွံ့ဖြိုး​တိုးတက်​မှု​ကို ၎င်း​တို့​နိုင်ငံ​များ​၏ တစ်​ဦး​ချင်း​ဝင်ငွေ (GDP)ဖြင့် မ​တိုင်းတာ​ဘဲ နိုင်ငံသား​တစ်​ဦး​ချင်း​စီပျော်​ရွှင်​မှု (GNH)ဖြင့် တိုင်းတာ​လို​သည်​ဟု ဘူ​တန်​နိုင်ငံ​ဘုရင်​က ကမ္ဘာ့​ကုလသမဂ္ဂ​သို့ ၂​၀​၁​၃ တွင် တောင်း​ဆို​အသိ​ပေး ကျင့်​သုံး​နေ​ပြီ​ဖြစ်​သည်။

ကမ္ဘာ့​ကုလသမဂ္ဂ​က လက်ခံ​ခဲ့​သည့် ဘူ​တန်​နိုင်ငံ​၏ အဆို​ပါ​တောင်း​ဆို​ချက်​အတိုင်း မြန်မာ​နိုင်ငံ​တွင် ကျင့်​သုံး​မည်​ဆို​ပါ​က ရန်ကုန်မြို့​တွင်း နေရာ​ပေါင်း​များ​စွာ​သို့ နိစ္စ​ဓူ​ဝ​သွား​လာ​နေ​ကြ​ရ​သည့် ပြည်​သူ​များ ရင်ဆိုင်​နေ​ရ​သော ယာဉ်​ကြော​ပိတ်​ဆို့​မှု​ကြောင့် GNH ဖြင့် တိုင်းတာ​လျှင် အဆင့်​နောက်​နား​ရောက်​နေ​ပါ​လိမ့်​မည်။

7Day News Journal

Share Button

Click here to submit your review.


Submit your review
* Required Field

No Tags

1655 total views, 2 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • nelsonmandela

    မင်​ဒဲ​လား​ပြော​ခဲ့​သော စကား​တစ်​ခွန်း

    by on 2014年1月27日 - 0 Comments

    Written by ဦးတင်​ဦး (ကျူ​ရှင်) လွန်​ခဲ့​တဲ့​သောကြာနေ့​ည​က ည​စဉ်​သွား​နေကျ​ဆေး​ခန်း​သို့ ရောက်​သွား​သော​အခါ ဆရာဝန်​၏​အိမ်​မှ​ရုပ်​မြင် သံ​ကြား​ဖန်​သား ပြင်ပေါ...