Welcome, visitor! [ Register | LoginRSS Feed  | 

ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

| Tradition | 2014年2月6日

enlightenment

တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။ ဖွင့်​ကြည့်​လိုက်​တော့ မြန်မာ​နိုင်ငံ အနှံ့အပြား​က ရဟန်း​ငယ်​လေး​တွေ ကြိုးစားပမ်းစား ဘော​လုံး​ကန်​နေ​ကြ​တာ​ကို ရိုက်​ထား​တဲ့ ပုံ​တွေ​ပါ။ ရေးထား​တဲ့ စာ​ကတော့ ‘ဒီ​ပုံ​တွေ​ကို တပည့်တော် ရိုက်​ကူး​ထား​တာ မဟုတ်​ပါ​ဘူး။ မြန်မာ​နိုင်ငံ​ကို အလည်​အပတ် လာ​ရောက်​ကြ​တဲ့ နိုင်ငံ​ခြား​သား​များ​က ရိုက်​ကူး​ပြီး အင်​တာ​နက်​မှာ တင်​ပေး​ထား​ကြ​တာ​တွေ့​လို့ ကူး​ယူ​ပြီး​တော့ အရှင်ဘုရား​ဆီ​ကို ပို့​လိုက်​တာ​ပါ။ ဓာတ်​ပုံ​တွေ​နဲ့​အတူ ရေး​တင်​ထား​တဲ့ စာသား​များ​ကို ဖတ်​ရှု လိုက်​ရ​တဲ့ ဗုဒ္ဓ​ဘာသာ​ဝင် တစ်​ယောက်​အနေ​နဲ့ ဝမ်းနည်း ကြေကွဲ​ရ​ပါ​တယ်။ တာဝန်ရှိ ဘုန်းကြီး​တွေ​က ကိုယ့်​တပည့်​တွေ​ကို မ​ဆုံးမ​ကြ​တာ​လား၊ ဆုံးမ​ပါ​ရက်​နဲ့ မ​လိုက်နာ​ကြ​တာ​လား​ဆို​တာ သိ​ချင်​ပါ​တယ်။ ဘော​လုံး​ကန်​တာ​ဟာ ဝိ​နည်းတော်​နဲ့ ညီ မ​ညီ ဆို​တာ​လည်း သိ​ချင်​ပါ​တယ်’ ဆို​ပြီး ရေးသား​ထား​ပါ​တယ်။

တစ်​လော​တုန်း​က​လည်း မန္တလေး ဆေး​ရုံ​ကြီး​မှာ တာဝန် ထမ်း​ဆောင်​နေ​တဲ့ တပည့် ဆရာဝန်​လေး​တစ်​ဦး​က “မန္တလေး​ဆေး​ရုံ​ကြီး သံ​ဃာတော်​ဆောင်​ကို အရက်မူး​ပြီး​တော့ လူ​နာ​သ​တင်း လာ​မေး​ကြ​တဲ့ ဦး​ပဥ္စင်း​တွေ၊ အရက်မူး​ပြီး ဆရာဝန်​တွေ သူနာ​ပြု​တွေ​ကို မိုက်​မိုက်ရိုင်း​ရိုင်း ပြောဆို​ကြ​တဲ့ လူ​နာ​စောင့် ဦး​ပဥ္စင်း​တွေ တစ်​လ​တစ်​လ မ​နည်း​ဘူး။ သံ​ဃာတော် ဆောင်​ဘက်​ကို တာဝန်​ကျ​မှာ​ကို သေမ​လောက် ကြောက်​နေ​ရ​တယ်” ဆို​ပြီး ဖုန်း​ဆက်​ပြော​ပါ​တယ်။

မြောက်​ဒ​ဂုံ​မြို့​နယ်​မှာ​နေ​တဲ့ ဒကာမ​တစ်​ဦး​က​လည်း မိမိ​ကို ဆေး​ပစ္စည်း​များ လာ​ရောက် လှူဒါန်း​ရင်း “တပည့်တော် မြောက်​ဒ​ဂုံ မ​နေ​ခင် အရင်​နေ​ခဲ့​တဲ့ မြို့​နယ်​မှာ​တုန်း​က တစ်​နေ့​တစ်​နေ့ နေ​ကုန်​အား​နေ​တာ​နဲ့ ယောက်မ​လေး​တွေ​နဲ့ အပျင်း​ပြေ အသုပ်​စုံ​ဆိုင် ဖွင့်​ရောင်း​တယ်။ တပည့်တော်​တို့ အိမ်​နား​မှာ​က ဘုန်းကြီး​ကျောင်း​တွေ အများ​ကြီး​ရှိ​တယ်။ တချို့ ဦး​ပဥ္စင်း​တွေ​က အရက်​ပုလင်း​တွေ၊ ဘီ​ယာ​ပုလင်း​တွေ ဝယ်​လာ​ပြီး တပည့်တော်​တို့​ဆိုင်​က အသုပ်​မှာ​ပြီး​တော့ ဆိုင်​ထဲ​မှာ သောက်​ကြ​တယ်။ ပြော​လည်း မ​ပြော​ရဲ၊ ကိုယ်​ပါ အကုသိုလ်​ဖြစ်​မှာ ကြောက်​တာ​နဲ့ ဆိုင်​ကို ပိတ်​ပစ်လိုက်​ရ​တယ်။ တပည့်တော် အမျိုးသား​က​ဆို​ရင် ဆွမ်း​လောင်း​ချင်​ရင် အမေ့​အိမ်​ဘက် သွား​လောင်း။ အိမ်​မှာ မ​လောင်း​နဲ့။ ဘုန်းကြီး​တွေ​က​လည်း ယုံ​ရ​တော့​တာ မဟုတ်​ဘူး။ အနုကြမ်းစီး ခံ​နေ​ဦး​မယ်​ဆို​ပြီး ပြောထား​တော့ ဆွမ်း​လောင်း ချင်​ရင်တောင် ယောက္ခမ​အိမ်​ဘက် သွား​လောင်း​ရ​တယ်” လို့ ပြော​ပြ​သွား​ပါ​တယ်။

မန္တလေး​က အင်​ဂျင်​နီ​ယာ​လေး တစ်​ဦး​ကတော့ “တပည့်တော်​ကတော့ ဘုန်းကြီး​တွေ ညစာ​စား​တာ နားလည် ခွင့်လွှတ်​ပေး​လို့ ရ​ပါ​တယ်။ တပည့်တော်​လည်း မဟာ​ဂန္ဓာရုံ ဆရာတော်​ကြီး​ရဲ့ ဘုရား​ဥ​ပ​ဒေတော်​ကြီး ကျမ်း​ဖတ်​ထား​တော့ အပြစ်​အတိမ်​အနက်​ကို သိ​နားလည်​ပါ​တယ်။ ဒါပေမဲ့​ဘုရား ကိုယ့်​ကျောင်း​မှာ​ပဲ သို​သိုသိပ်​သိပ်​လေး စား​သင့်​ပါ​တယ်။ အခု​ဟာ လွန်​ကို​လွန်​တယ်​ဘုရား။ ညနေ ခုနစ်​နာရီ​လောက်​ဆို​ရင် လက်ဖက်ရည်​ဆိုင်​တွေ​မှာ ဘုန်းကြီး​တွေ​ချည်း​ပဲ။ လူ​မြင်​ကွင်း​ကြီး​မှာ နန်း​ကြီး​သုပ်၊ ထ​မင်းကြော်၊ ထမင်း​ဆီ​ဆမ်း​တွေ​ကို ပလုတ်​ပ​လောင်း အားပါးတရ စား​နေ​ကြ​တာ။ ဆိုင်​ထဲ လူ​တွေ ဝင်​လာ​လု့​ိ​လည်း ရှက်​သွား​တဲ့ အမူအရာ​လေး​တောင် မ​ရှိ​ဘူး။ တပည့်တော် သူငယ်ချင်း​တွေ​ထဲ​မှာ​က ဘာသာ​ခြား​တွေ​လည်း ပါ​နေ​တော့ အရမ်း​အရှက်ရ​တယ်။ သူ​တို့​က ဘာ​မှ​မ​ပြော​ပေ​မယ့် သူ​တို့ မျက်လုံး​ကြည့်​လိုက်​ရင် ကိုယ့်​ဘုန်းကြီး​တွေ​ကို ဘယ်​လို မြင်​နေ​တယ်​ဆို​တာ သိ​နေ​ရ​တယ်။ သူ​များ​ဘာသာ​က ဘုန်းကြီး​တွေ​က လူ​မြင်​ကွင်း​မှာ ဘာ​မှ​ကိုးရိုးကားရား လုပ်​တာ မ​တွေ့​ရ​ဘူး” ဆို​ပြီး ညည်း​ညည်းညူ​ညူ​နဲ့ ပြော​ပြ​ပါ​တယ်။

မိမိ​အပေါ်​မှာ လွန်စွာ ကျေးဇူး​ကြီး​မားတော်​မူ​တဲ့ ဝါတော် ခြောက်​ဆယ်ကျော် မထေရ်​ကြီး​တစ်ပါး​ကို ပြီး​ခဲ့​တဲ့ အပတ်​ထဲ​က သွား​ရောက် ကန်တော့​ပါ​တယ်။ ဆရာတော်​ကြီး​က​ခန်း​နေ ဦး​ပဥ္စင်း​နှစ်​ပါး၊ ကပ္ပိ​ယ​တစ်​ဦး​နဲ့ အတူ​နေ​တာ​ပါ။ မိမိ​နဲ့ ပဋိသန္ဓာရ စကားပြော​ရင်း “အရင်​လ​က ငါ့​ကျောင်း​ကို တောင်​ကို​ရီး​ယား နိုင်ငံ​က မဟာ​ယာ​န ဘုန်းကြီး​တစ်ပါး ဒုလ္လ​ဘ​ရဟန်း လာ​ဝတ်​တယ်။ သူ​က အခါ​တိုင်း​တော့ ချမ်းမြေ့​ရိပ်​သာ​မှာ ဝတ်​တယ်​လို့ ပြော​တယ်။ အခု​ကတော့ မြန်မာ​နိုင်ငံ​က ဘုန်းကြီး​တွေ ဘယ်​လို နေ​သလဲ​ထိုင်​သလဲ​ဆို​တာ သိ​ချင်​လို့ အပြင်​ကျောင်း​မှာ ဝတ်​ချင်​တယ် ပြော​လို့ စကားပြန်​က ငါ့​ကျောင်း ခေါ်​လာ​တာ။ ခုနစ်​ရက် ဝတ်​သွား​တယ်။ ခုနစ်​ရက်​လုံး​လည်း ဆွမ်းခံထွက်​တယ်။ ဘေး​ကျောင်း​တွေ မှာ​လည်း​သူ​က ဝင်​ထွက်​ပြီး လေ့​လာ​တယ်။ သိက္ခာ​ချ​ပြီး ပြန်​မယ့်​နေ့​ကတော့ ငါ့ကို​ကန်တော့​ပြီး ဘုန်းကြီး​တွေ အများ​စု​က အတော်​ဆိုး​တာ​ပဲ။ ဘုရား​တောင် တစ်​နေ့​တစ်​ခါ ရှိ​မ​ခိုး​ကြ​ဘူး။ စား​လိုက်​အိပ်​လိုက် တီ​ဗီ​ကြည့်​လိုက် ဘော​ပွဲ​လောင်း​လိုက်​နဲ့ အချိန်ကုန်​နေ​တာ​ကို တွေ့​ရ​တယ်။ မဟာ​ယာ​န ဘုန်းကြီး​တွေ​ထက်​တောင် ထေ​ရ​ဝါဒ​ဘုန်းကြီး​တွေ​က ဆိုး​နေ​တာ တွေ့​ရ​တယ်။ အရှင်ဘုရား​နဲ့ ကပ္ပိ​ယ​ကြီး​ကတော့ ဘုရားရှိခိုး​လိုက်၊ တရား​ထိုင်​လိုက်၊ တိရစ္ဆာန်​လေး​တွေ​ကို တစ်​နေ့​နှစ်​ခါ အစား​ကျွေး​လိုက်​နဲ့ တစ်​နေ့​တာ​ကို ကုန်​ဆုံး​ကြ​တာ​မို့ ကြည်ညို​မိ​ပါ​တယ်။ ဘာ​ပဲ​လိုလို အလှူခံ​ပါ​ဆို​ပြီး သူ့​ဖုန်း​နံပါတ်​တွေ၊ အီးလ်​မေးလ် လိပ်စာ​တွေ ပေး​သွား​တယ်။ သူ​က​တစ်​နှစ်​ကို မြန်မာ​ပြည် နှစ်​ခေါက်​လောက် ပုံ​မှန်​ရောက်​နေ​တာ​မို့ ရောက်​တိုင်း ဝင်​ကန်တော့​မယ်​လို့​လည်း ပြော​သွား​တယ်။ တို့​ဘုန်းကြီး​တွေ​က အကြည်​ညို ခံ​နိုင်​လောက်​တဲ့ အနေအထား မ​ရှိ​ကြ​တာ​က များ​နေ​ပြီ။ ငါ​က​လည်း အသက်ကြီး​နေ​ပြီ​ဆို​တော့ ကြောင်အို ကြွက်​မ​လေး ဖြစ်​နေ​ပြီ။ ပြော​လည်း နား​မ​ထောင်​ကြ​တော့​ဘူး” ဆို​ပြီး မိန့်တော်​မူ​ပါ​တယ်။

မိမိ​အနေ​နဲ့ ဒီ​အကြောင်း​တွေ​ကို လုံး​ဝ မ​ရေး​ချင်​ပါ​ဘူး။ ဒါပေမဲ့ အခု​နောက်​ပိုင်း မိမိ​ဆီ လာ​ရောက်​ကြ​တဲ့ ဒကာ ဒကာမ အများ​စု​က ရဟန်း​တွေ​ရဲ့ အပြုအမူ​တွေ​နဲ့ ပတ်သက်​ပြီး လျှောက်ထား မေးမြန်း​ကြ​လွန်း​လို့ ရေးသား​ရ​ခြင်း ဖြစ်​ပါ​တယ်။ တချို့​ကတော့ “ဒီ​ကောင်​ကွာ လူ​သိ​ရှင်​ကြား အရှက်ခွဲ​နေ​တယ်” လို့ တွေး​မိ​ကြ​ပါ​လိမ့်​မယ်။ အဲ​လို မ​တွေး​စေ​ချင်​ပါ​ဘူး။ ဘာ​လို့​လဲဆို​တော့ လူ​မ​သိ​သူမ​သိ ကိစ္စ​တွေ​ကို မိမိ​က​ရေး​နေ​တာ မဟုတ်​ဘူး။ လူ​သိ​သူ​သိ ဖြစ်​ပြီး လူ​တွေ​က လာ​လျှောက်ထား​ကြ​လို့ ဆင်ခြင် စဉ်းစား​ကြ​ဖို့​အတွက် သတိပေး​တဲ့​အနေ​နဲ့ ရေးသား​လိုက် ရ​တာ​ပါ။

လူ​တွေ​ဟာ ထုတ်​မ​ပြော​ကြ​ပေ​မယ့် သာ​သ​နာတော် အပေါ်​ကို တစ်​စ​တစ်​စ အကြည်​ညို ကင်း​မဲ့​နေ​ပြီ၊ သာ​သ​နာတော်​ကို အယုံ​အကြည် ကင်း​မဲ့​လာ​တဲ့ လူ​ငယ်​လေး​တွေ များ​နေ​ပြီ​ဆို​တာ သိ​စေ​ချင်​တာ​ပါ။ အတိတ်​က လူ​ငယ်​လေး​တွေ​က အနေအထိုင် ကောင်း​တဲ့ ရ​ဟန်းတော်​တွေ​ကို တွေ့​မြင်​ခဲ့​ကြ​ရ​ပြီး သာ​သ​နာတော်​ကို ကြည်ညို လေးစား​ရင်း ရှိ​တာ​ကြောင့် သူ​တို့​တွေ လူကြီး ဖြစ်​တဲ့​အခါ​မှာ​လည်း ဆက်လက် လှူဒါန်း​နေ​ကြ​လို့ ယနေ့​ရဟန်း​တွေ စား​ဝတ်နေ​ရေး​အတွက် မ​ပူပင်​မ​ကြောင့်ကြ​ရ​ဘဲ သာသနာ အလုပ်​တွေ​ကို လုပ်​နေ​နိုင် ကြ​တာ​ပါ။ ယနေ့​လူ​ငယ်​တွေ အနေအထိုင် မ​ကောင်း​တဲ့ ရဟန်း​တွေ​ကို မြင်​တွေ့​နေ​ကြ​ရ​တာ​ကြောင့် သာ​သ​နာတော်​ကို မ​ကြည်ညို မ​လေးစား​ကြ​တော့​ရင် အနာဂတ် သာသနာ​အတွက် အလွန်​ရင်လေး​ဖွယ်ရာ အခြေအနေ​ပါ။ ရ​ဟန်းတော်​တွေ အနေ​နဲ့ ဒါ​ကို ကောင်း⁠ကောင်း​ကြီး သဘောပေါက်​ဖို့ လို​ပါ​တယ်။

အာပတ်သင့်​တယ်​ဆို​တဲ့ စကား​ကို လူ​အတော်​များ​များ ကြား​ဖူး​ကြ​ပါ​တယ်။ အာ​ပတ်​ဆို​တဲ့ စကား​က ‘အာ​ပတ္တိ’ ဆို​တဲ့ ပါဠိ​စကား​က​နေ ဆင်းသက်​လာ​တဲ့ ပါဠိ​ပျက်​စကား ဖြစ်​ပါ​တယ်။ ‘အာ​ပတ္တိ=အာ​ပတ်=ရ​ဟန်းတော်​များ ရောက်​ထိုက်​သော​အပြစ်’ လို့ အဓိပ္ပာယ် ရှိ​ပါ​တယ်။ ထို​အာ​ပတ်​ဟာ ၁။ ပါ​ရာ ဇိ​က​အာ​ပတ် ၂။ သံဃာ​ဒိ​သေသ်​အာ​ပတ် ၃။ ထုလ္လစ္စဉ်း​အာ​ပတ် ၄။ ပါ​စိတ် အာ​ပတ် ၅။ ပါ​ဋိ​ဒေသ​နီ​ယ​အာ​ပတ် ၆။ ဒုက္ကဋ်​အာ​ပတ် ၇။ ဒုဗ္တာ​သိ​တ အာ​ပတ်​ဆို​ပြီး အာ​ပတ်​ခုနစ်​မျိုး ရှိ​ပါ​တယ်။ ရဟန်း​တစ်ပါး​ဟာ ပါ​ရာ​ဇိ​က​အာ​ပတ် မ​သင့်​မ​ချင်း ကျန်​ဘယ်​အာ​ပတ်​ပဲ သင့်ရောက်​နေ​ပါ​စေ ရဟန်း​ပါ​ပဲ။ သို့သော် သီလ​မစင်​ကြယ်​တဲ့ ခပ်​ဆိုး​ဆိုး ရဟန်း​တစ်ပါး​ပေါ့။

ပါ​ရာ​ဇိ​က​အာ​ပတ် သင့်ရောက်​တဲ့ အကြောင်း​အခြင်းအရာ​က လေး​မျိုး ရှိ​ပါ​တယ်။ ၁။ ခြေ​လေး​ချောင်း​ထဲ​က အောက်​ထစ်​ဆုံး​အား​ဖြင့် ကြောင်၊ ခြေ​နှစ်​ချောင်း​ထဲ​က အောက်​ထစ်​ဆုံး​အား​ဖြင့် ကြက်၊ အခြေ​မ​ရှိ​သော သတ္တဝါ​ထဲ​က အောက်​ထစ်​ဆုံး​အား​ဖြင့် ငါး​တို့​ရဲ့ ကျင်ကြီး​ပေါက် ကျင်ငယ်​ပေါက် ပါး​စပ်​ပေါက်​ဆို​တဲ့ အပေါက်​သုံး​ခု​မှာ ဘယ်​အပေါက်​နဲ့​မှ လိင်​မ​ဆက်ဆံ​ရ​ပါ​ဘူး။ လိင်​ဆက်ဆံ​ရင် ပါ​ရာ​ဇိ​က​အာ​ပတ် သင့်​ပါ​တယ်။ ၂။ တစ်​မတ်​နဲ့ တစ်​မတ်​အထက် ငွေ​ကြေး​ကို​ဖြစ်​စေ၊ ပစ္စည်း​ကို​ဖြစ်​စေ ခိုး​ယူ​ရင် ပါ​ရာ​ဇိ​က အာပတ်သင့်​ပါ​တယ်။ ၃။ လူသတ်​ရင် ပါ​ရာ​ဇိ​က​အာ​ပတ် သင့်​ပါ​တယ်။ အောက်​ထစ်​ဆုံး​အား​ဖြင့် ကိုယ်ဝန် ပျက်​ဆေး ပေး​ရင်တောင်​မှ ပါ​ရာ​ဇိ​က အာ​ပတ် သင့်​ပါ​တယ်။ တိရစ္ဆာန်​တွေ​ကို သတ်​ရင်​တော့ ပါ​ဏာ​တိ​ပါ​တ​ကံ​တော့ ထိုက်​ပေ​မယ့် ပါ​ရာ​ဇိ​က အာ​ပတ်​တော့ မ​သင့်​ပါ​ဘူး။ ပါ​စိတ်​အာ​ပတ်​ပဲ သင့်​ပါ​တယ်။ ၄။ ဈာန်​မဂ်ဖိုလ် မ​ရ​ရှိ​ပါ​ဘဲ ဈာန်​မဂ်ဖိုလ် ရ​ရှိ​ပါ​တယ်​လို့ မဟုတ်​မ​မှန် ပြော​ရင် ပါ​ရာ​ဇိ​က​အာ​ပတ် သင့်​ပါ​တယ်။

ပါ​ရာ​ဇိ​က​အာ​ပတ်=သာ​သ​နာတော်​မှ ဆုံးရှုံး သွား​စေ​တတ်​သော အပြစ်​လို့ အဓိပ္ပာယ် ရှိ​ပါ​တယ်။ ပြော​ခဲ့​တဲ့ စည်းမျဉ်း​လေး​ခု​ထဲ​က တစ်​ခု⁠ခု​ကို ကျူးလွန်​မိ​တဲ့ ရဟန်း​ဟာ သီလ​တည်း​ဟူ​သော ဦးခေါင်း ပြတ်​ကျ​သွား​ပြီ ဖြစ်​တဲ့ အတွက်​ကြောင့် သူ့​မှာ လုံး​ဝ သီလ​မ​ရှိ​တော့​ဘဲ ရဟန်း မဟုတ်​တော့​ပါ​ဘူး။ လူ​ဖြစ်​သွား​ပါ​ပြီ။ လူ​မှ ရိုး⁠ရိုး​လူ မဟုတ်​တော့​ပါ​ဘူး။ လူ​ဖြစ်​ရှုံး​တဲ့​လူ​ပါ။ ဘာ​ကြောင့်​လဲဆို​တော့ ပါ​ရာ​ဇိ​က​ကျ​တဲ့ ရဟန်း​ဟာ ဒီ​ဘဝ​မှာ ဘုရား​အမှူး​ရှိ​သော ရဟန္တာ​အပါး တစ်​သောင်း​နဲ့ သိမ်​ထဲ​မှာ ကမ္မဝါ ဖတ်​ရင်တောင်​မှ သူ​ဟာ​ရဟန်း မ​ဖြစ်​နိုင်​တော့​ပါ​ဘူး။ ပါ​ရာ​ဇိ​က​အာ​ပတ် သင့်​တာ​ကို ရဟန်း​တွေ​က ပါ​ရာ​ဇိ​က ကျ​တယ်​လို့ ခေါ်ဝေါ် သုံးစွဲ​ကြ​ပါ​တယ်။ အချို့ ခေတ်​ရဟန်း​ငယ်​တွေ​ကတော့ ‘ဇိ​သွား​ပြီ’ လို့ ပြော​ကြ​ပါ​တယ်။
(ရ​ဟန်းတော်​များ လိုက်နာ​ကျင့်​သုံး​ရ​သော ဝိ​နည်းခေါ် ကျင့်ဝတ် စည်းမျဉ်း​စည်းကမ်း​များ​ကို တိတိ​ကျ​ကျ သိရှိ​နားလည် လို​ကြ​သော​သူ​များ မြန်မာ​စကားပြေ​များ​ဖြင့် ရေးသား​ထား​သော ဘုရား ဥ​ပ​ဒေတော်​ကြီး​ကျမ်း သို့မဟုတ် ရဟန်း​ကျင့်​ဖွယ် နှစ်​ရာ​နှစ်​ဆယ့် ခုနစ်​သွယ် စာအုပ်​များ​တွင် လေ့​လာ ကြည့်​ရှု​ကြ​ပါ​ရန်)

ဘော​လုံး​ကန်​ခြင်း၊ ညစာ​စား​ခြင်း၊ အရက်​သောက်​ခြင်း၊ ဗေဒင်​ဟော​ခြင်း၊ ဆေးကု​ပေး​ခြင်း ဆို​တာ​တွေ​က ကျန်​အာ​ပတ်​ခြောက်​မျိုး​ထဲ အကျုံး​ဝင်​တာ​မို့ အဲ​ဒီ​အမှု​တွေ​ကို ကျူးလွန် နေ​ပေ​မယ့်​လည်း ပါ​ရာ​ဇိ​က မ​ကျ​တာ​ကြောင့် ရဟန်း​ပါ​ပဲ။ ဒါ​ကြောင့်​လည်း ရဟန်း​တွေ အတော်​များ⁠များ​က ကျန်​အာ​ပတ် ခြောက်​မျိုး​ကို ရဲ​ရဲဝံ့​ဝံ့ ချိုး​ဖောက်​နေ​ကြ​ခြင်း ဖြစ်​ပါ​တယ်။ ပါ​ရာ​ဇိ​က မ​ကျ​ဘူး ဆို​ပေ​မယ့် ကျန်​အာ​ပတ် ခြောက်​မျိုး​ထဲ​က ဘယ်​အာ​ပတ်​ပဲ သင့်နေ​ပါ​စေ အာ​ပတ်​ပြေ​အောင် တရား​အားလျော်စွာ မ​ကုစား​ဘဲ​နေ​ရင် ဘယ်လောက်​ပဲ ဝီရိယ​တွေ ထက်သန်​စွာ​နဲ့ တရား​အားထုတ်​ပါ​စေ အဲ​ဒီ​ရဟန်း​ဟာ မဂ်ဖိုလ် နိဗ္ဗာန်​ကို မ​ရ​ရှိ​နိုင်​ပါ​ဘူး။ ဘာ​ကြောင့်​လဲဆို​တော့ သူ​ဟာ သီလ​မစင်​ကြယ်​သော ရဟန်း​မို့​လို့​ပါ။ မဂ်ဖိုလ်​နိဗ္ဗာန်​ဆို​တာ သီလ​မစင်​ကြယ်​ရင် မ​ရှိ​နိုင်​တဲ့ အရာ​တွေ​ပါ။ နောက်​ပြီး​တော့ ဒီ​အာ​ပတ်​တွေ​ဟာ ကျူးလွန်​တဲ့ ရဟန်း​ကို ရဟန်း​ဘဝ မ​ဆုံးရှုံး​စေ​နိုင်​ပေ​မယ့် ဒီ​အာ​ပတ်​တွေ​ကို မ​ကုစား​ဘဲ အာ​ပတ်​တန်းလန်း​နဲ့ သေ​ရင်​တော့ အပါယ်​ဘုံ သက်ရောက်​စေ​နိုင်​ပါ​တယ်။

၁။ ကောင်း​ပါ​ပြီ​ဘုရား​ဟု စ​ကားတော်​ကို လက်ခံ​နိုင်​ခြင်း​အကျိုး။
၂။ သံ​ဃာတော်​အများ​၏ ချမ်းသာ​စွာ နေထိုင်​ရ​ခြင်း​အကျိုး။
၃။ အလဇ္ဇီ​ဒုဿီလ (ရဟန်း​ယုတ်) များ​ကို နှိမ်​နင်း​နိုင်​ခြင်း​အကျိုး။
၄။ သီလ​ချစ်ခင် သူတော်​စင်​ရဟန်း​တို့ ချမ်းသာ​စွာ နေထိုင်​နိုင်​ခြင်း အကျိုး။
၅။ ယခု​ဘဝ​၌ ဘေးရန်​အန္တရာယ်​တို့​ကို စောင့်ရှောက်​ပြီး​ဖြစ်​ခြင်း အကျိုး။
၆။ နောင်တ​မ​လွန်​ဘဝ​၌ ဘေးရန်​အန္တရာယ်​ကို ပယ်​နိုင်​ခြင်း​အကျိုး။
၇။ သာ​သ​နာတော်​ကို မ​ကြည်ညို​ကြ​သေး​သူ​များ ကြည်ညို​လာ​စေ​ခြင်း အကျိုး။
၈။ ကြည်ညို​ပြီး​သူ​များ ယုံကြည်​မှု သဒ္ဓါ​တရား​တိုးပွား​စေ​ခြင်း​အကျိုး။
၉။ သူတော်ကောင်း​တရား ရေ​ရှည်​တည်တံ့​နိုင်​စေ​ခြင်း​အကျိုး။
၁​၀။ ဝိနည်း ကိုယ်​ကျင့်​တရား​များ​ကို ချီး​မြှောက်​ခြင်း​အကျိုး​ဆို​တဲ့ အကျိုး​ဆယ်​မျိုး ရ​ရှိ​စေ​ဖို့​အတွက် ရှင်တော်​မြတ်​ဘုရား​က ဝိနည်း ဥ​ပ​ဒေတော်​ကို ပညတ်​ထားတော်​မူ​ခြင်း ဖြစ်​ပါ​တယ်။

ဘော​လုံး​ကန်​ခြင်း၊ ညစာ​စား​ခြင်း၊ အရက်​သောက်​ခြင်း၊ ဗေဒင်​ဟော​ခြင်း၊ ဆေးကု​ပေး​ခြင်း ဆို​တာ​တွေ​က ပါ​ရာ​ဇိ​က မ​ကျ​ပေ​မယ့် သာ​သ​နာတော်​ကို ကြည်ညို​ပြီး သူ​များ​အကြည်​ညို ပျက်​စေ​နိုင်​သ​လို မ​ကြည်ညို​သေး​သူ​များ​ရဲ့ ကဲ့ရဲ့​အတင်း​စကား​ဆို​မှု​ကို ခံ​ရ​စေ​ပါ​တယ်။ ရဟန်း​မှန်​ရင် ဒီ​လို​တွေ​ချည်း နေ​မှာ​ပဲ​ဆို​ပြီး ရဟန်း​ကောင်း​တွေ​ကို​ပါ ထိခိုက် နစ်နာ​စေ​ပါ​တယ်။ သာ​သ​နာတော်​ကို အကြည်​ညို ပျက်​ပြီ​ဆို​တာ​နဲ့ သာ​သ​နာတော်​ကို ထောက်ပံ့​ပေးကမ်း လှူဒါန်း​ကြ​တော့​မှာ မဟုတ်​ပါ​ဘူး။ သစ်​တစ်​ပင်​ဟာ ရေ​မြေ​ဆီ​ဩဇာ မ​ရ​ရှိ​ရင် ကောင်း​စွာ မ​စည်ပင်​နိုင်​ခြင်း၊ ခြောက်ကပ်​ညှိုးနွမ်း​ပြီး သေ​ဆုံး​ရ​ခြင်း​ဆို​တဲ့ အကျိုး​တရား​များ​ကို ဖြစ်​စေ​သ​လို ဒကာ​ဒကာမ​များ​ရဲ့ ထောက်ပံ့​ပေးကမ်း လှူဒါန်း​မှု​ကို မ​ရ​ရှိ​တော့​တဲ့ သာ​သ​နာတော်​ကြီး​အနေ​နဲ့ စင်​စင်ကြယ်​ကြယ် ရေ​ရှည် တည်တံ့​နိုင်​မှာ မဟုတ်​ပါ​ဘူး။ ဒါ​ကြောင့် သာ​သ​နာတော်​ကြီး​ကို အမှန်​တကယ် ချစ်​မြတ်နိုး​ကြ​တယ်​ဆို​ရင် ဒီ​အမှု​တွေ​ကို ပြု​ထိုက်​မ​ပြု​ထိုက် လိုက်နာ​ထိုက် မ​လိုက်​ထိုက် ဆို​တာ​ကို ရ​ဟန်းတော်​တွေ အနေ​နဲ့ လေး​လေးနက်​နက် ဆင်ခြင်​စဉ်းစား သင့်​ပါ​တယ်။

Written by မိုး​သု (မန္တလေး)
The Voice Weekly

Share Button

Click here to submit your review.


Submit your review
* Required Field

No Tags

2758 total views, 3 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • coffee

    အဆိပ်​သင့်​အနမ်း​များ

    by on 2013年11月15日 - 0 Comments

    Written by ရွှေ​ရည် ကော်​ဖီ​ဆိုင်​ဟု အမည်တပ်​ထား​သော ဆိုင်​လေး​ထဲ​သို့ ဆယ်ကျော်​သက် စုံ​တွဲ​တစ်​တွဲ ဝင်​ရောက်လာ​ပြီး “အခန်း​ရှိ​သေး​လား” ဆို​သော​အသံ​က ဆယ်ကျေ...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...