Welcome, visitor! [ Register | LoginRSS Feed  | 

အလုပ်​မ​ရှိ​သူ​များ၊ ကျွမ်းကျင်​လုပ်သား​ရှား

| Myanmar Business | 2013年11月12日

Written by အေး​မြတ်​သူ

ကမ္ဘာပေါ်​တွင် နောက်​ဆုံးပေါ်​ထွက်​လာ​သော ဈေး​ကွက်​သစ်​ဟု တင်စား​ခံ​နေ​ရ​သည့် မြန်​မာ့​ဈေး​ကွက်​သို့ လာ​ရောက်​ရင်းနှီး​မြှုပ်​နှံ​မည့် ကုမ္ပဏီ​များ​အတွက် ပြည်​တွင်း​၌ ကျွမ်းကျင်​လုပ်သား​ရှားပါး​မှု​မှာ အဓိက​စိန်ခေါ်​မှု​တစ်​ရပ် ဖြစ်လာ​သည်။

မြန်မာ​နိုင်ငံ​တွင် အခြေ​ခံ​လုပ်သား လို​အပ်​ချက်​ဖြည့်​ဆည်း​ရန် လွယ်​ကူသော်​လည်း ထိပ်​ပိုင်း​စီမံ​ခန့်​ခွဲ​မှု​အရာရှိ ကျွမ်းကျင်​ဝန်​ထမ်း​များ​ကို​မူ လို​အပ်​သ​လောက်​ရ​ရှိ​ရန် ခက်ခဲ​နေ​သ​ဖြင့် ပြည်​ပ​ရောက် မြန်မာ​များ၊ နိုင်ငံ​ခြား​သား​များ​ကို​ပင် ရှာဖွေ​နေ​ရ​ပြီ​ဖြစ်​ကြောင်း ကျွမ်းကျင်​ဝန်​ထမ်း​များ လို​အပ်​နေ​သည့် ကုမ္ပဏီ​များ​က​ပြော​သည်။

ယင်း​ပြဿနာ​ကို​ဖြေ​ရှင်း​ရန် ပြည်​တွင်း​ပြည်​ပ​ကုမ္ပဏီ​အများ​စု​က ၂​၀​၁​၂ ကတည်းက စတင်​ကာ အလုပ်အကိုင်​ပြ​ပွဲ​များ​ကျင်းပ​ပြီး ဝန်​ထမ်း​လို​အပ်​သူ​နှင့် အလုပ်​ရှာ​သူ​ကြား ပေါင်းကူး​ရန်​ကြိုးပမ်း​လာ​ခဲ့​သည်။ ထို့​အပြင် ၂​၀​၁​၃ ဩဂုတ်​၌ စင်​ကာ​ပူ​တွင်​ပင် အလုပ်အကိုင်​ပြ​ပွဲ သွား​ရောက်​ကျင်းပ​၍ ကျွမ်းကျင်​လုပ်သား​များ​ရ​ရှိ​ရန် ကြိုးပမ်း​နေ​ကြ​သည်။

လက်​ရှိ​ပြည်​တွင်း​လုပ်သား​ဈေး​ကွက်​တွင် လုပ်​ငန်း​ခွင်​အတွင်း အတွေ့​အကြုံ​ရှိ​သော ကျွမ်းကျင်​ဝန်​ထမ်း​များ​ရ​ရှိ​ရန်​ထက် ဘွဲ့​ရ​ကျောင်း​ဆင်း အလုပ်​သင်​ဝန်​ထမ်း​နှင့် ရုံးစာရေး​အဆင့်​ရှိ အောက်​ခြေ​ဝန်​ထမ်း​များ​ကို​သာ ရှာဖွေ​ရ​ရှိ​မှု​လွယ်ကူ​နေ​သည်။ ကျွမ်းကျင်​ဝန်​ထမ်း​လို​အပ်​ချက်​ကြောင့် ယခု​နှစ်​အတွင်း​မှ​စ​၍ အလုပ်​သင်​ဝန်​ထမ်း​တစ်​ဦး​အား လ​စာ​ငွေ​အနိမ့်​ဆုံး ကျပ်​ခုနစ်​သောင်း​နှင့်​အထက် ပေး​လာ​သကဲ့သို့ ကျွမ်းကျင်​ဝန်​ထမ်း​အဆင့်​ရှိ မန်နေဂျာ​ရာထူး​အတွက် ကျပ်​ငွေ​တစ်​သိန်း​ခွဲ​ဝန်းကျင်​မှ ကျပ်​သိန်း ၃​၀ ကျော်​အထိ​ပေး​ကာ အလုပ်ခေါ်​ဆို​မှု​များ​ရှိ​လာ​သည်​ဟု ပြည်​တွင်း​အလုပ်အကိုင်​ရှာဖွေ​ရေး​အေဂျင်စီ​များ​က​ဆို​သည်။

မြန်မာ​နိုင်ငံ​တွင် လူ​ဦးရေ သန်း ၆​၀ ကျော်​ရှိ​သည့်​အနက် အမှန်​တကယ် အလုပ်​လုပ်​နိုင်​သည့်​ဦးရေ ၃​၂ သန်း​ခန့်​ရှိ​ပြီး အလုပ်​လက်​မဲ့​နှုန်း​ထား ၁​၀ သန်း​နီးပါး​ရှိ​နေကာ ပြည်​ပ​သို့ သွား​ရောက်​လုပ်ကိုင်​သော မြန်မာ​အလုပ်​သမား​ဦးရေ​မှာ သုံး​သန်း​ခန့်​ရှိ​ကြောင်း အစိုးရ​၏​ကိန်း​ဂဏန်း​များ​က​ဆို​သည်။

ထို့​ကြောင့် မြန်မာ​နိုင်ငံ​ရှိ အလုပ်​လုပ်​နိုင်​သော​အရွယ်​အုပ်စု​တွင် အလုပ်​လက်​မဲ့​ပြဿနာ ကြီးမား​နေ​ပြီး အထူးသဖြင့် ဘွဲ့​ရ​လုပ်​ငန်း​အတွေ့​အကြုံ​မ​ရှိ​သူ​များ အလုပ်​ရ​ရန် ခက်ခဲ​နေ​ချိန်​မှာ​ပင် အလုပ်​ရှင်​များ၊ နိုင်ငံ​တကာ​ကုမ္ပဏီ​များ​အတွက် ကျွမ်းကျင်​ဝန်​ထမ်း​ရ​ရှိ​ရန် ခက်ခဲ​နေ​ခြင်း​ဖြစ်​သည်။

အလုပ်အကိုင်​ရှာဖွေ​နေ​သော နုပျို​သည့်​အင်အား​စု​မှာ ၂​၁ ရာ​စု​ခေတ် လုပ်​ငန်း​ခွင်​ဝင်​ရန် အခြေ​ခံ​လို​အပ်​ချက်​ဖြစ်​သော ကမ္ဘာ​သုံး​အင်္ဂလိပ်​ဘာသာ​စကား​နှင့် ကွန်ပျူတာ​ကို ကျွမ်းကျင်​စွာ အသုံး​မ​ပြု​နိုင်​ခြင်း​ကြောင့် အလုပ်အကိုင်​ရ​ရန် ခက်ခဲ​နေ​သည်။ ထို့​အပြင် အလုပ်အကိုင်​ရှာဖွေ​နေ​သော ဘွဲ့​ရ​လူ​ငယ်​များ​တွင် သင်​တန်း​ဆင်း​လက်မှတ်​များ အမြောက်အမြား​ရှိသော်​လည်း လက်တွေ့​တွင် တတ်​ကျွမ်း​ခြင်း​မှု​မ​ရှိ​ခြင်း​က အဓိက​ပြဿနာ​ပင်။

“အဓိက​ကတော့ သူ​တို့​ဘက်​မှာ အားနည်း​တာ​က ဘာသာ​စကား​နဲ့ office ပိုင်း​ဆို​ရင် ကွန်ပျူတာ​အသုံးပြု​မှု​ပိုင်း အားနည်း​တယ်။ အင်​တာ​နက်​ဖေ့စ်​ဘွတ်ခ်​မှာ စာ​ရိုက်​နိုင်​သ​လောက်​နဲ့​မ​ရ​ဘူး။ ကျွမ်းကျင်​ဖို့​လို​တယ်”ဟု CDC အလုပ်အကိုင်​ရှာဖွေ​ရေး​အေဂျင်စီ​မှ ဦး​လင်းကျော်​ထွန်း​က​ပြော​သည်။

ထို့​အပြင် ပြည်​တွင်း​အလုပ်ခေါ်ကြော်​ငြာ​အများ​စု​မှာ လုပ်​ငန်း​အတွေ့​အကြုံ၊ အသက်အရွယ်၊ ပြင်​ပ​သင်​တန်း​လက်မှတ်​များ​ကို မ​ကြာ​ခဏ တောင်းခံ​လေ့​ရှိ​ခြင်း​ကြောင့် အလုပ်အကိုင်​ရှာဖွေ​သူ အများ​စု​အတွက် အခက်​အခဲ​တစ်​ခု​ဖြစ်လာ​ကြောင်း သိပ္ပံ​ဘွဲ့​ရ​အမျိုးသား​တစ်​ဦး​က​ပြော​သည်။

“ဒီ​နိုင်ငံ​က ဘွဲ့​ရ​တွေ​ကို ဘွဲ့​လက်မှတ်​ပေး​မယ့်​အစား လုပ်​ငန်း​အတွေ့​အကြုံ​လက်မှတ်​ပဲ​ပြောင်း​ပေး​ရင် ပို​ကောင်း​မယ်”ဟု အသက် (၂​၆)နှစ်​အရွယ်​ရှိ အလုပ်​ရှာဖွေ​နေ​သူ အမျိုးသမီး​တစ်​ဦး​က သူ​၏​အမြင်​ကို​ပြော​သည်။

ထို့​အပြင် ဆယ်​စု​နှစ်​ငါး​စု​တိုင် ညံ့​ဖျင်း​လှ​သော ပညာ​ရေး​စနစ်​အောက်​တွင် ပညာသင်​ယူခဲ့​ရ​သူ​များ​မှာ လုပ်​ငန်း​ခွင်​ဝင်​ရန် ကျောင်း​သင်​ပညာ​ရေး​က အသုံးပြု​မ​ရ​၍ လုပ်​ငန်း​အတွေ့​အကြုံ​နှင့် ပြင်​ပ​သင်​တန်း​များ​မှ သင်​ယူ​တတ်​ကျွမ်း​လာ​မှု​များ​ကို ဦးစားပေး​နေ​ရ​ကြောင်း အလုပ်အကိုင်​ရေးရာ​ကျွမ်းကျင်​သူ​များ​က​ပြော​သည်။

“အလုပ်​လာ​လျှောက်သူ​တွေ​ရဲ့ အားနည်း​ချက်​က သူ​တို့​ဘာ​လုပ်​ရ​မှန်း​မ​သိ​ဘူး။ ဘွဲ့​ရ​မျိုး​စုံ​ပါ​တာ​ပဲ။ သူ​တို့​အများ​ဆုံး​ရ​တဲ့​အလုပ်​က office staff ပိုင်း​ပဲ၊ ရုံး​အောက်​ခြေ​ပိုင်း​ပဲ​ရ​ကြ​တာ​များ​တယ်”ဟု Device ပြည်​တွင်း​အလုပ်အကိုင်​ရှာဖွေ​ရေး​အေဂျင်စီ​မှ အထွေ​ထွေ​မန်နေဂျာ ဦး​စိုး​ညွန့်​က​ပြော​သည်။

ကုမ္ပဏီ​များ​မှ လုပ်သား​ရှာဖွေ​ပါ​က မန်နေဂျာ​ရာထူး​အောက်​ရှိ အခြေ​ခံဝန်​ထမ်း​များ ရ​ရန်​လွယ်​ကူသော်​လည်း ကျွမ်းကျင်​ဝန်​ထမ်း​ရှာဖွေ​ပါ​က အချိန်​ကြန့်ကြာ​မှု​များ​ရှိ​ခြင်း​ကြောင့် ပြည်​ပ​ရောက် ကျွမ်းကျင်​မြန်မာ​အလုပ်​သမား​များ​ကို ခေါ်​ယူ​ရန် ကြိုးပမ်း​လာ​ခြင်း​ဖြစ်​သည်။

ထို့​ကြောင့် နိုင်ငံ​တကာ​လုပ်​ငန်း​အတွေ့​အကြုံ​ရှိ​သော ကျွမ်းကျင်​လုပ်သား​အများ​စု​ရှိ​ရာ စင်​ကာ​ပူ​နိုင်ငံ​ရောက် မြန်မာ​အလုပ်​သမား​များ​ကို ကျွမ်းကျင်​လုပ်သား​များ​အဖြစ်ခေါ်​ယူ​ရန် လုပ်​ငန်း​ရှင်​များ​က စိတ်ဝင်စား​လာ​သည်။

ပြည်​တွင်း​နှင့် နိုင်ငံ​တကာ​ကုမ္ပဏီ​များ​က ငွေ​ကုန်​ကြေး​ကျ​ခံ​ကာ ပထမ​ဆုံး အလုပ်အကိုင်​ပြ​ပွဲ​ကို စင်​ကာ​ပူ​နိုင်ငံ​တွင် ယခု​နှစ်​ဩဂုတ်​လ​က သွား​ရောက်​ကျင်းပ​ခဲ့​သည်။ ထပ်မံ​၍ နိုဝင်ဘာ​လ​တွင် ကျင်းပ​ရန်​လည်း စီစဉ်​နေ​သည်။ ပထမ​အကြိမ်​အဖြစ် စင်​ကာ​ပူ​တွင် အလုပ်အကိုင်​ပြ​ပွဲ​ကျင်းပ​ခဲ့​ရာ အလုပ်​လျှောက်သူ​ဦးရေ နှစ်​ထောင်ကျော်​ရှိ​သည်။ သို့သော် အလုပ်​ခန့်​အပ်​သည့် လုပ်သား​စာရင်း​ကို အတိ​အကျ​ထုတ်​ပြန်​ခြင်း​မ​ရှိ​သေးသော်​လည်း ပြ​ပွဲ​မှ​ကုမ္ပဏီ​အချို့ ကျွမ်းကျင်​ဝန်​ထမ်း​များ​ရ​ခဲ့​သည်။

ဒုတိယ​အကြိမ် ကျင်းပ​ပြုလုပ်​မည့်​ပြ​ပွဲ​ကို စင်​ကာ​ပူ​နိုင်ငံ​ရှိ ပင်​နီ​ဆူ​လာ​ပ​လာ​ဇာ​တွင် နိုဝင်ဘာ​၂ ရက်​မှ ၃ ရက်​ထိ ကျင်းပ​မည်​ဖြစ်​ပြီး ယခင်​ပထမ​အကြိမ် ပါဝင်​ပြသ​ခဲ့​သည့် ကုမ္ပဏီ​အရေအတွက်​ထက် နှစ်​ဆတိုး​လာ​သည်။ အင်​ဂျင်​နီ​ယာ​အလုပ်အကိုင်​နှင့်​ပတ်သက်​သော အလုပ်​နေရာ​အတွက် ဦးစား​ပေးခေါ်​ဆို​သွား​ရန် ရှိ​သည်​ဟု​လည်း သိ​ရ​သည်။ ထို​အချက်​က ကျွမ်းကျင်​လုပ်သား​ရှားပါး​မှု ပို​ကြီးမား​လာ​ကြောင်း ထင်ရှား​သော​သာဓက​ဖြစ်​သည်။

“အဓိက​ကတော့ အရည်အချင်း​ကောင်း⁠ကောင်း​ရ​ဖို့၊ ပညာ​အရည်အချင်း​ကောင်း⁠ကောင်း​ရ​မယ့်​သူ လိုချင်​လို့​ပါဝင်​ခဲ့​တာ”ဟု စင်​ကာ​ပူ​အလုပ်အကိုင်​ပြ​ပွဲ​တွင် ပါ င်​ပြသ​မည့် Mega Lifesciences ကုမ္ပဏီ​မှ HR မန်နေဂျာ ဦး​ထွန်း​စည်​သူ​က​ပြော​သည်။

ဩဂုတ်​လ​က ကျင်းပ​ခဲ့​သော စင်​ကာ​ပူ​ပြ​ပွဲ​တွင် စင်​ကာ​ပူ​ရောက် မြန်မာ​အလုပ်​သမား​အများ​စု​က ၎င်း​တို့​သည် ပြည်​တွင်း​ကုမ္ပဏီ​များ​ထံ လုပ်ကိုင်​မည်​ဆို​ပါ​က ၎င်း​တို့​ကို စင်​ကာ​ပူ​နိုင်ငံ​တွင်​ရ​ရှိ​သည့် လ​စာ​နှုန်း​ထား​နီးပါး​ပေး​ရန် တောင်းခံ​မှု​များ​ရှိ​ခြင်း​ကြောင့် ကုမ္ပဏီ​အများ​စု​မှာ လတ်​တ​လော​အချိန်​ထိ နှစ်​ဦး​နှစ်​ဖက်​ညှိနှိုင်း​ဆွေးနွေး​လျက်​သာ ရှိ​သေး​သည်။

“အစ်မ ဒီ​မှာ ဟိုမှာ​သွားခေါ်​မယ့် ရာထူး​မျိုး​ကို ခေါ်​ကြည့်​ပြီး​ပြီ။ အဲ​ဒါ ဘယ်​လို​ကြောင့်​လဲ​မ​သိ​ဘူး။ အစ်မ​တို့​လိုချင်​တဲ့​ပုံ​ကို ဖော်​နိုင်​မယ့် ဂ​ရပ်​ဖစ်​ကောင်း⁠ကောင်း​လိုချင်​တာ။ လူ​ရှာ​တာ နှစ်​လကျော်​လောက်​ကြာ​နေ​ပြီ။ ဒါပေမဲ့ သူ​တို့​ကြေညာ​တာ ကြည့်​လိုက်​ရင် မြန်မာ​ပစ္စည်း မြန်မာ​ကုမ္ပဏီ​မှန်း သိသာ​လွန်း​တယ်။ အစ်မ​တို့​က နိုင်ငံ​တကာ​မ​မီ​ရင်တောင် ယိုးဒယား​နဲ့ စင်​ကာ​ပူ​လောက်​တော့ အရည်အသွေး​မီ​ချင်​တာ။ အဲ​ဒါ​ရ​ဖို့​အတွက် အခု Job Fair ကို ပါဝင်​ဖြစ်​ခဲ့​တာ”ဟု MMRD ကုမ္ပဏီ​မှ ဆက်ဆံ​ရေး​အရာရှိ ဂျက်​ဆီ​ကာ​မြင့်​သင်း​က​ပြော​သည်။

ပြည်​တွင်း​ကုမ္ပဏီ​အများ​စု​အနေ​ဖြင့် လုပ်​ခ​လ​စာ​ပေး​စနစ်​နှင့်​ပတ်သက်​၍ ၎င်း​တို့​ကျွမ်းကျင်​မှုပေါ်​မူ​တည်​၍ ပေး​မည်​ဖြစ်သော်​လည်း ပြည်​တွင်း​တွင် ရ​ရှိ​နိုင်​မည့်​နှုန်း​ထား​နှင့် နှိုင်းယှဉ်​၍​သာ ပေး​သွား​မည်​ဖြစ်​သည်။ စင်​ကာ​ပူ​ရောက် ကျွမ်းကျင်​လုပ်သား​များ​အနေ​ဖြင့် ပျမ်းမျှ​အား​ဖြင့် လုပ်​ခ​လ​စာ​ငွေ​ကျပ် ၁​၂ သိန်း​နှင့်​အထက် ရ​ရှိ​ရန်​တောင်း​ဆို​ကြ​သည်။

စင်​ကာ​ပူ​ရောက် မြန်မာ​ဝန်​ထမ်း​များ​မှာ အမိ​နိုင်ငံ​သို့​ပြန်လာ​၍ အလုပ်​လုပ်ကိုင်​လိုသော်​လည်း လက်​ရှိ​စင်​ကာ​ပူ​တွင်​ရ​သော လုပ်​ခ​လ​စာ​နီးပါး​ရ​ရှိ​ရန်​နှင့် လက်​ရှိ​ဝင်​ရောက်လာ​သော ပြည်​ပ​ရင်းနှီး​မြှုပ်​နှံ​သူ​များ​၏ လုပ်​ငန်း​ခိုင်မာ​မှု ရှိ၊ မ​ရှိ​မှာ မြန်မာ​နိုင်ငံ​ရေး​နှင့် ဆက်​စပ်​နေ​၍ အခြေအနေ​ကို စောင့်​ကြည့်​နေ​ကြောင်း စင်​ကာ​ပူ​ရောက် မြန်မာ​အချို့​က​ပြော​သည်။

“အစ်မ​တို့​ကတော့ လ​စာ​ပိုင်း​ကို​တော့ သူ​တို့​ဟိုမှာ​ရသ​လောက်​ကြီး​တော့ မ​ပေး​နိုင်​ဘူး။ သူ​တို့​ရ​တဲ့​လ​စာ​က ဟိုမှာ​နေ​စရိတ်​ဖယ်​ရ​တယ်။ ဒီ​မှာ​လုပ်​ရင် နေ​စရိတ်​မ​ဖယ်​ရ​ဘူး။ ကိုယ့်​မိဘ​ဆွေ​မျိုး​တွေ​နဲ့​လည်း အတူ​နေ​ရ​မယ်။ လ​စာ​ကို​လည်း ကျွမ်းကျင်​မှု​အပေါ်​မူ​တည်​ပြီး ညှိနှိုင်း​ပြီး​တော့​ပေး​မှာ​ပေါ့။ ကမ္ဘာ့​ကုမ္ပဏီ​တွေ​နဲ့ နှိုင်းယှဉ်​တော့ အားနည်း​ချက်​ရှိ​တာ​ပေါ့”ဟု ဂျက်​ဆီ​ကာ​မြင့်​သန်း​က ဆက်လက်​၍​ပြော​သည်။

ထို့​အပြင် ပြည်​တွင်း​ကုမ္ပဏီ​များ​မှာ ပြည်​ပ​ကုမ္ပဏီ​များ​နှင့်​အပြိုင် လုပ်​ငန်း​များ​တိုး​ချဲ့​လုပ်ကိုင်​ရန်​နှင့် ကျွမ်းကျင်​လုပ်သား​ရ​ရှိ​ရန် ပြည်​ပ​သို့ သွား​ရောက်ခေါ်​ယူ​ရသော်​လည်း ဝန်​ထမ်း​များ​ကို နိုင်ငံ​တကာ​ကုမ္ပဏီ​များ​နှင့်​အပြိုင် လုပ်​ခ​လ​စာ​နှုန်း​ထား တိုး​မြှင့်​ခန့်​အပ်​ရန်​မလွယ်​ကူ​နိုင်​ကြောင်း အလုပ်အကိုင်​ရှာဖွေ​ရေး​အေဂျင်စီ​အချို့​မှ သုံးသပ်​ပြော​ကြား​သည်။

Credit to 7Day News Journal

Share Button

Click here to submit your review.


Submit your review
* Required Field

 

1088 total views, 2 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...

  • coffee

    အဆိပ်​သင့်​အနမ်း​များ

    by on 2013年11月15日 - 0 Comments

    Written by ရွှေ​ရည် ကော်​ဖီ​ဆိုင်​ဟု အမည်တပ်​ထား​သော ဆိုင်​လေး​ထဲ​သို့ ဆယ်ကျော်​သက် စုံ​တွဲ​တစ်​တွဲ ဝင်​ရောက်လာ​ပြီး “အခန်း​ရှိ​သေး​လား” ဆို​သော​အသံ​က ဆယ်ကျေ...