Welcome, visitor! [ Register | LoginRSS Feed  | 

Dream-2

| Life Style | 2013年12月11日

bad-dream

အိပ်မက်​လေး​တော့ မက်​ချင်​ပါ​သေး​တယ် (I dare not have a Dream)
Written by ဒေါက်​တာ​ခင်​မောင်​ညို

မနေ့​က ကို​ဘ​သစ်​ဆီ​ရောက်​သွား​သည်။ ကို​ဘ​သစ်​သည် ဒ​ဂုံ​မြို့​သစ်​တွင်​နေ​သည်။

သူ​သည် သတင်းစာ​တစ်​စောင်​နှင့် ဗာ​ဒံ​ပင်​အောက်​တွင် ဇိမ်​ကျနေ​သည်။

“ကို​ဘ​သစ်”

“ဟာ​ဗျာ။ လန့်​လိုက်​တာ၊ ဒီ​ဘက်​က​ခုံ​မှာ​ထိုင်​ပါ။ ခင်ဗျား​ရောက်​တာ ကံကောင်း​သွား​တာ​ပဲ”

“ဟင်​ဘာ​ဖြစ်​လို့​လဲ”

“ကျွန်တော်​ဒီ​မှာ သတင်းစာ​ဖတ်​ပြီး အိပ်ပျော်​သွား​တာ”

“ကျွန်တော်​တို့ လူကြီး​တွေ​ဒီ​လို​ပဲ​လေ။ အေးအေး​ဆေး​ဆေး စာ​ဖတ်​တဲ့​အခါ​တွေ​မှာ အိပ်​သွား​တာ​ပဲ”

“ဟုတ်​ပါ​တယ်။ ကျွန်တော်​အိပ်မက်​မက်​နေ​တယ်​ဗျ”

“ဟုတ်​လား။ ဘာ​တွေ​မက်​နေ​တာ​လဲ”

“ဒီ​မို​က​ရေ​စီ​နီုင်​ငံတော်​ကြီး တည်ဆောက်​နေ​တယ်​ဆို​တာ” ပဲ​ဗျ။ ခင်ဗျား​လာ​လို့ နိုး​သွား​တာ။ ကံကောင်း​လို့ အလိမ်ခံ​ရ​တော့​မ​လို့”

“ဟား​ဟား။ ခင်ဗျားဟာ mind-set ဖြစ်​နေ​တာ​ကိုး။ ဒါ​ဆိုက်​ကို (Psycho) ပဲ​ဗျ။ ကျွန်တော်​တို့​တစ်​တွေ​ဟာ တစ်​သက်​လုံး အလိမ်ခံ​နေ​ကြ​ရသ​လို ဖြစ်​နေ​တယ်။ ဒါ​ကြောင့် ဘာ​လုပ်​လုပ် သံသယ​တွေ​ဝင်​တယ်။ အလိမ်ခံ ရ​မယ်​ထင်​နေ​တယ်။ ဘာ​လုပ်⁠လုပ်​ကြောက်​တာ​ပဲ​ပေါ့”

“သိပ်​မ​ရှင်း​သေး​ဘူး”

“ခင်ဗျား​တို့​ကျွန်တော်​တို့ ဆရာ​မင်း​သု​ဝဏ်​ရေး​တဲ့ ဘကြီး​အောင်​ညာ​တယ်​ဆို​တဲ့ ဝတ္ထု​တို​လေး​ကို အင်မတန်​ကြိုက်​တယ် မဟုတ်​လား”

“ကြိုက်​တာ​ပေါ့”

“ခင်ဗျား​ကြိုက်​သ​လို တစ်​ပြည်​လုံး​က​လည်း ကြိုက်​တယ်။ ဘာ​ကြောင့်​လဲဆို​တော့ ဒီ​ဇာတ်​လမ်း​မှာ ဘကြီး​အောင်​ဟာ ပန်းပု​ဆရာ။ ယမင်း​ရုပ်​လေး​ကို ထု​တယ်။ အင်မတန်​လှ​တယ်။ ဒါ​ကို​လိုချင်​တဲ့ လူ​ငယ်​လေး​ဟာ အလုပ်​လုပ်​ပြီး ပိုက်ဆံ​စု​တယ်။ သူ​ပိုက်ဆံ​ပြည့်​တဲ့​အချိန်​မှာ ဘကြီး​အောင်​ဟာ အဲ​ဒီ​ပန်းပု​ရုပ်​လေး​ကို အခြား​တစ်​ယောက်​ကို ရောင်း​လိုက်​ပြီ ဖြစ်​နေ​တယ်။ သူငယ်​လေး​ဟာ ဒီ​အရုပ်​လေး​လိုချင်​တဲ့ အစွဲအလမ်း​ကြောင့် ကွယ်​လွန်သွား​ရ​ရှာ​တယ်။ ဒါ​ကို ဘာ​ကြောင့်​ကြိုက်​ကြ​လဲ။ တစ်​ပြည်​လုံး​ဟာ အလိမ်ခံ​နေ​ရ​တယ်​လို့ ယူဆ​ကြ​လို့​ပဲ”

“လိမ်​တာ​ကတော့ စကြာမင်း​ကို ဘုရင်​တင်​ပေး​မယ်​ဆို​တဲ့ အင်္ဂလိပ်​က​စ​တာ​ပဲ”

“ဟုတ်​ပါ​တယ်။ စကြာမင်း​ကို​ဘုရင်​ဖြစ်​ဖို့ မြန်မာ​တွေ​က လိုလား​တယ်။ သီ​ပေါ​ကို အလို​မ​ရှိ​ဘူး။ ဒါ​ကို​အင်္ဂလိပ်​က​သိ​တော့ မြန်မာ​တစ်​ယောက်​ကို စကြာ​ရေ​ယာဉ်​မှာ​တင်​ပြီး ဂေါ​ဝန်​ဆိပ်​အထိ အလွယ်​တ​ကူ​လာ​ခဲ့​နိုင်​တယ်။ ခုခံ​သူ​တွေ​မ​ရှိ​ဘူး”

“ဟုတ်​ပါ​တယ်။ ဒါ​တွေ​ဟာ ပါး​စပ်​ရာဇဝင်​တွေ ဖြစ်​ချင်​ဖြစ်​မှာ​ပါ။ ဒါပေမဲ့ ဦး​ကောင်း လိမ်​ထုတ်​နန်း​ဆက်​ပြု​ဆို​တဲ့ စကား​ရှိ​နေ​တယ် မဟုတ်​လား”

“အင်္ဂလိပ်​တွေ​ကို တိုက်​တော့​လည်း ဒီ​လို​ပဲ​ဖြစ်​ခဲ့​တယ်​လေ။ ဂျပန်​က ဂျပန်-မြန်မာ ဘွန်​ဇိုင်း​ဆို​ပြီး တန်းတူ​ရည်တူ​ဝါဒ​နဲ့ လွတ်လပ်​ရေး​ပေး​မယ်​လို့ ကြေညာ​ခဲ့​တယ်။ ဒါပေမဲ့ ဒီ​လွတ်လပ်​ရေး​ဟာ ရွှေ​ရည်​စိမ်​လွတ်လပ်​ရေး ဖြစ်​ခဲ့​တယ်။ မြန်မာ​တွေ​ဟာ ပါး​နား​အရိုက်​ခံ​ရ​တယ်။ အသက်​ပေး​သွား​တာ​တွေ အများ​ကြီး​ပါ​ပဲ”

“နောက်​တစ်​ကြိမ် အလိမ်ခံ​ရ​တာ​ပဲ​ပေါ့”
“အမှန်​တော့ နိုင်ငံ​ရေး​ဆို​တာ​အပြစ်​ကင်း​တဲ့ ကောင်းမွန်​တဲ့​လုပ်​ရပ်​ပါ။ ဗိုလ်​ချုပ်​အောင်​ဆန်း​က သူ့​ရဲ့​မိန့်ခွန်း​တစ်​ခု​မှာ နိုင်ငံ​ရေး​ဆို​တာ သူ့​ဘာသာ​သူ ကောင်း​ပါ​တယ်။ မွန်​မြတ်​ပါ​တယ်။ သူ့​ကို​ညစ်​ထည်း​အောင် လူ​တွေ​က​လုပ်​တာ​ပါ​ဆို​တာ​မျိုး​ပြော​ခဲ့​တယ်” . . .

“အမှန်​ပဲ။ ဂျပန်​ကို တိုက်​ထုတ်​တယ်။ ဒါပေမဲ့ အချင်းချင်း​သွေး​ခွဲ​ခံ​ရ​တယ်။ ဗိုလ်​ချုပ်​အောင်​ဆန်း​နဲ့ အာဇာနည်​ခေါင်းဆောင်​တွေ​ဆို​တာ မြန်မာ​ပြည်​အနာဂတ်​ကို တည်ဆောက်​မယ့် သူ​တွေ​ပါ။ သူ​တို့​မ​ရှိ​တော့ တိုင်း​ပြည်​အားနည်း​သွား​တာ​ပေါ့”

“နိုင်ငံ​ရေး​နားလည်​တတ်​ကျွမ်း​သူ အနစ်​နာခံ​ပြီး တိုက်​ပွဲဝင်​ခဲ့​သူ​တွေ​ပါ။ အားလုံး​ပညာ​တတ်​တွေ။ ဒီ​လို​တကယ်​တမ်း အလုပ်​လုပ်​တဲ့​သူ ၁​၉ ယောက်​တောင်​ပဲ၊ ဆုံးရှုံး​မှု​ဟာ အကြီး​ကြီး​ပဲ”

“လွတ်လပ်​ရေး​ရ​တော့​လည်း ပြည်တော်​သာ​စီမံ​ကိန်း။ တကယ်​မ​ဖြစ်​ခဲ့​ဘူး”

“လူ​တစ်​ကိုယ် တိုက်​တစ်​လုံး ကား​တစ်​စီး ဝင်ငွေ​ရှစ်​ရာ​ဆို​တာ​လား”

“ဟုတ်​တယ်။ ဒါ​ဟာ တကယ်​ဖြစ်​နိုင်​ပါ​တယ်။ ယနေ့​စင်​ကာ​ပူ​လို​နိုင်ငံ​မှာ​ရ​နေ​တဲ့ ရလဒ်​ဟာ ဒီ​လို​မျိုး​ပါ​ပဲ။ လူ​တွေ​ဟာ နိုင်ငံ​ရေး​သမား​တွေ​ရဲ့ အလှည့်​စား​ခံ​ရ​တယ်​ဆို​ပြီး နိုင်ငံ​ရေး​ကို အရမ်း​မုန်း​သွား​တယ်”

“အမှန်​တော့ နိုင်ငံ​ရေး​ဆို​တာ​အပြစ်​ကင်း​တဲ့ ကောင်းမွန်​တဲ့​လုပ်​ရပ်​ပါ။ ဗိုလ်​ချုပ်​အောင်​ဆန်း​က သူ့​ရဲ့​မိန့်ခွန်း​တစ်​ခု​မှာ နိုင်ငံ​ရေး​ဆို​တာ သူ့​ဘာသာ​သူ ကောင်း​ပါ​တယ်။ မွန်​မြတ်​ပါ​တယ်။ သူ့​ကို​ညစ်​ထည်း​အောင် လူ​တွေ​က​လုပ်​တာ​ပါ​ဆို​တာ​မျိုး​ပြော​ခဲ့​တယ်”

“နိုင်ငံ​ရေး​အချိုး​မ​ပြေ​တော့ ဦး​နေ​ဝင်း အာဏာ​သိမ်း​တာ​ပါ​ပဲ။ ဦး​နု​က ဒီ​မို​က​ရေ​စီ ကြိုးဆွဲ​ချ​ခံ​လိုက်​ရ​တယ်​လို့​ဆို​တယ်”

“ခေါင်းဆောင်​တွေ မ​ထိန်း​နိုင်​တာ​လည်း​ပါ​တယ်။ တပ်​မတော်​ကို ယုံကြည်​တာ​လည်း​ပါ​တယ်”

“တပ်​မတော်​ဆို​တာ လွတ်လပ်​ရေး​ရ​ယူ​ပေး​တဲ့ အဖွဲ့​အစည်း​လို့ ပြည်​သူ​တွေ​က ယုံကြည်​ပြီး​သား​ပါ။ ဒါပေမဲ့ ဦး​နေ​ဝင်း​လုပ်​ရပ်​တွေ​ကြောင့် အလိမ်ခံ​ရ​ပြီ​ဆို​တာ သိ​လာ​တယ်”

“သိ​လောက်​ပါ​တယ်။ တ​ကယ့်​တိုင်း​ပြည်​ရဲ့ အညွန့်​အဖူး​ဖြစ်​တဲ့ လူတော်​လူကောင်း​တွေ မွေး​ထုတ်​ရာ ရန်ကုန်​တက္ကသိုလ်​က သမဂ္ဂ​အဆောက်အအုံ​ကို ဖြို​ခွဲဖျက်​ဆီး​ပစ်လိုက်​တာ​ပဲ မဟုတ်​လား”

“ဟုတ်​တယ်​လေ။ တုတ်တုတ်​ချင်း ဓား⁠ဓား​ချင်း​ဆို​ပြီး ကျောင်းသား​တွေ​ကို ရန်သူ​လို​ကြိမ်းမောင်း​ခဲ့​တာ။ ပန်း​ကောင်း အညွန့်​ကျိုး​ခဲ့​ရ​တယ်။ ဒီ​တော့ အာဏာ​ရှင်​အစိုးရ​ကို မ​ယုံ​တော့​တာ​ပါ​တယ်”

“၈​၈ အရေး​အခင်း​က ဆန္ဒ​ပြ​တယ်။ တကယ်​လည်း ပါ​တီ​စုံ​ဒီ​မို​က​ရေ​စီ​ဆို​ပြီး ခေါင်းစဉ်​တပ်​တယ်။ ရွေး​ကောက်​ပွဲ​တွေ လုပ်​ပေး​ခဲ့​တာ​ပဲ”

“ရွေး​ကောက်​ပွဲလုပ်​ပေး​တာ​နဲ့ အာဏာ​လွှဲ​ပေး​တာ တခြား​ဆီ​ပဲ​ဆို​တာ အာဏာ​ကို ဆက်​ပြီး​ချုပ်​ကိုင်​ခဲ့​တယ်။ ပြည်​သူ​ကတော့​တို့​တော့ အလိမ်ခံ​လိုက်​ရ​ပြီ​ဆို​တာ​ကို သိ​လိုက်​တယ်”

“ခု​လာ​ပြန်​ပြီ​လေ။ ဒေါ်​စု​က လေး​ပွင့်​ဆိုင်​ဆွေးနွေး​မယ်​ဆို​ပြီး ဖိတ်ခေါ်​တယ်။ ဒါပေမဲ့ မ​ဖြစ်​နိုင်​ဘူး​လို့​ဆို​တယ်။ ဒါ​ကြောင့်​လည်း ဒီ​မို​က​ရေ​စီ​နိုင်ငံ​ကို အိပ်မက်​တောင်​မှ မ​မက်​ရဲ​တော့​ပါ​ဘူး”

“အင်း​ဗျာ။ မာ​တင်​လူ​သာ​ကင်း ဂျူ​နီ​ယာ​ကတော့ I have a Dream ဆို​ပြီး ပြော​ခဲ့​တယ်။ အဲ​ဒီ​မိန့်ခွန်း​ဟာ ကမ္ဘာကျော်​သွား​တယ်”

“လူ​ဖြူ​နဲ့​လူ​မည်း လက်​တွဲ​ပြီး ညီမျှ​စွာ​နေ​သွား​မယ်​ဆို​တာ မဟုတ်​လား”

“ဟုတ်​ပါ့။ ကျုပ်​တော့ ဒီ​လို​မိန့်ခွန်း​အစား I dare not have a Dream လို့​ပဲ ပြော​ချင်​ပါ​တယ်။ လတ်​တ​လော​ဖြစ်​နေ​တဲ့ လက်​ပံ​တောင်း​တောင် အရေး​အခင်း​တွေ​နဲ့ လယ်ယာ​မြေ​ကိစ္စ​တွေ​က အဆိုး​ဘက်​ကို ဦးတည်​နေ​သ​လို ဖြစ်​နေ​တယ်”

“ဟုတ်​ပါ​တယ်။ ကျွန်တော်​တို့ နိုင်ငံ​ဟာ ဆင်းရဲ​မြဲ​ဆင်းရဲ​နေ​တာ ဘာ​ကြောင့်​လဲ။ ဓာတ်ငွေ့​ရောင်း​ရ​ငွေ​တွေ တစ်​နှစ်ဒေါ်​လာ သန်း​သုံး​ထောင်​က ငါး​ထောင်​ကြားမှာ​ရ​တာ ကြာ​နေ​ပြီ​ပဲ။ ဒါ​တွေ​ဘယ်​ရောက်​ကုန်​လဲ။ လစ်​ဗျား​က က​ဒါ​ဖီ​ရဲ့ ခိုး​ထား​တဲ့​ငွေ​ဟာ ဒေါ်လာ​ဘီ​လျံ ၄​၀​၀ တောင်​ရှိ​သ​တဲ့။ ကမ္ဘာ့​အချမ်း​သာ​ဆုံး ဘီလ်​ဂိတ်​ထက်​တောင် ချမ်းသာ​တယ်။ မြန်မာ​ပြည်​က ခ​ရို​နီ​တွေ​နဲ့ အာဏာ​ရှင်​တွေ​ဆီ​မှာ ဒေါ်လာ​ဘယ်လောက်​တောင်​ရှိ​လဲ”

“သူ​တို့​ဆီ​မှာ​ရှိ​တာ​ကို ဘာ​မှ​တော့​မ​ပြော​လို​ပါ​ဘူး။ ကျွန်တော်​တို့ နိုင်ငံသား​တွေ​ကို​သနား​ပါ။ ကျွန်တော်​တို့ ပြည်​သူ​တွေ အောက်​ကျ​နောက်ကျ ကျွန်​သ​ပေါက်​ဘဝ​က မ​တက်​ရအောင် ဆက်​ပြီး​လိမ်​နေ​တာ​တွေ​ကို​တော့ လျှော့​ချ​ပါ​လို့ မှာ​ချင်​တယ်”

“ယုံကြည်​မှု​ကို​တည်ဆောက်​ဖို့ အရေးကြီး​ပါ​တယ်။ နောက်ဆုံး​အနေ​နဲ့​ကတော့ အိပ်မက်​လေး​တော့ မက်​ချင်​ပါ​သေး​တယ်​လို့”

Credit to Eleven

Share Button

Click here to submit your review.


Submit your review
* Required Field

1355 total views, 4 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • coffee

    အဆိပ်​သင့်​အနမ်း​များ

    by on 2013年11月15日 - 0 Comments

    Written by ရွှေ​ရည် ကော်​ဖီ​ဆိုင်​ဟု အမည်တပ်​ထား​သော ဆိုင်​လေး​ထဲ​သို့ ဆယ်ကျော်​သက် စုံ​တွဲ​တစ်​တွဲ ဝင်​ရောက်လာ​ပြီး “အခန်း​ရှိ​သေး​လား” ဆို​သော​အသံ​က ဆယ်ကျေ...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...