Dream

Written by ထက်ကျော်
ဒါကြောင့် ဒီနေ့ လူငယ်တွေကို အိပ်မက်တွေများများမက် စေချင်တယ်။ ကြီးမားတဲ့ ရည်ရွယ်ချက်တွေ၊ မျှော်မှန်းချက်တွေကို ထင်ဟပ်စေမယ့် အိပ်မက်မျိုးတွေ ကို မက်စေချင်တယ်။ လှပတဲ့ အနာဂတ်ရဲ့ နိမိတ်ပုံတွေနဲ့ ထုံ မွှမ်းနေတဲ့ အိပ်မက်မျိုးတွေကို မက် စေချင်တယ်။ စိတ်ကူးနဲ့ လက်တွေ့ဘဝကို အနီးစပ်ဆုံး တစ်ထပ်တည်း ဖြစ်လာနိုင်လောက်တဲ့ အိပ်မက်တွေကို မက်စေချင်တယ်။ အိပ်မက် မက်တယ်ဆိုတာ ပိုက်ဆံတစ်ပြားမှ ကုန်စရာ မလိုသလို လိုင်စင်တွေ၊ ဘာတွေလည်း မလိုဘူး။ သူတောင်းစားက လည်း သမ္မတအိပ်မက်ကို မက်နိုင်ပါတယ်။ အလုပ်လက်မဲ့တစ်ဦးကလည်း ဘီလျံနာအိပ်မက်ကိုမက်ခွင့်ရှိပါတယ်။ ဘယ်သူမဆို လွတ် လွတ်လပ်လပ် အိပ်မက် မက်နိုင် ခွင့် ရှိကြပါတယ်။
ဒီအတွက် ဘာအနှောင့်အယှက်၊ အပိတ်အဆို့၊ အဟန့်အတားမှမခံရမှာ သေချာပါတယ်။ အလကားမက်ခွင့်ရတဲ့ အိပ်မက်ဖြစ် တာကြောင့် အိပ်မက် မက်သူတွေဟာလည်း အကောင်းဆုံးတွေကို မျှော်မှန်းပြီး အိပ်မက်မက်ကြစေချင်ပါတယ်။ အနာဂတ်ရဲ့ ခေါင်းဆောင် တွေလို့ ခေါ်နေကြတဲ့ လူငယ်တွေကို အိပ်မက်တွေ ခပ်များများမက် စေချင်တယ်။ အနာဂတ်အတွက် အကောင်း ဆုံး၊ အလှဆုံး၊အတောက်ပဆုံး အိပ်မက်တွေကို မက်စေချင်တယ်။ သူတို့ဟာအမှန်တကယ်ပဲ အနာဂတ်ကိုပြောင်းလဲစေနိုင်တဲ့၊ ကောင်းစေနိုင်တဲ့ သူတွေလေ။ ဒီတော့ သူတို့ရဲ့ မျှော်မှန်းချက်က မွေးဖွားလာမယ့် အိပ်မက်တွေဟာအိပ်မက်လှလှတွေပဲ ဖြစ်စေချင် တယ်။ အနိဋ္ဌာရုံတွေ လွှမ်းနေတဲ့ အိပ်မက်မျိုးတွေ မဖြစ်စေချင်ဘူး။
အိပ်မက်လှလှဆိုရာမှာ လည်း ကိုယ့်တစ်ဦးချင်းရဲ့ အကျိုး စီးပွားကို အခြေခံတဲ့ အိပ်မက်မျိုး ထက် အများရဲ့ အကျိုး၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ အကျိုး၊ကိုယ်မှီတင်း နေထိုင်ရာကမ္ဘာကြီးရဲ့ အကျိုးကိုဖြစ်ပေါ်စေမယ့်အိပ်မက်မျိုးသာဖြစ်စေချင်တယ်။ အတ္တဟိ တထက် ပရဟိတဘက်ကို အလေးပေးတဲ့ အိပ်မက်မျိုးကသာ ပိုမိုသင့်လျော် ကောင်းမွန် ပိုမိုအကျိုးရှိစေပြီး အိပ် မက်မက်ခဲ့သူရဲ့ ဂုဏ်သတင်းဟာ မွှေးပျံ့နေနိုင်မှာ ဖြစ်ပါတယ်။ တခြားမကြည့်နဲ့လေ။ ဗိုလ်ချုပ်အောင်ဆန်းကိုပဲကြည့်ပါ။ သူဟာ တိုင်းပြည်နဲ့ လူမျိုး အတွက် အိပ်မက်တွေ အများကြီး မက်ခဲ့တဲ့သူပဲ ဖြစ်ပါတယ်။ တိုင်း ပြည်လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခု ဖြစ် လာရေး၊ ကမ္ဘာနဲ့ ရင်ဘောင်တန်း ရပ်တည်နိုင်ရေး၊ သိက္ခာရှိတဲ့ နိုင်ငံတစ်ခု ဖြစ်လာရေးကို ကျောင်းသားဘဝကတည်းက အိပ်မက် မက်လာခဲ့ရ တဲ့သူ ဖြစ်ပါတယ်။
သူ့ရဲ့ ငယ်ရွယ်နုပျိုတဲ့ ဘဝကိုလည်း သူ့အိပ်မက်များ အကောင်အထည်ဖော် နိုင်ရေးအတွက်ပဲ အသုံးချခဲ့တာအများအသိပါ။ ဒါကြောင့်လည်း အာရှမှာ သူ့ခေတ်သူ့အခါက ငယ်ငယ်ရွယ်ရွယ် ထက်ထက်မြက်မြက် ခေါင်းဆောင်တစ်ဦးအဖြစ် အား လုံးက လေးစားချီးကျူးကြရတာပဲ ဖြစ်ပါလိမ့်မယ်။ သူ့လို တိုင်းပြည်နဲ့ လူ မျိုးအတွက်၊ လွတ်လပ်ရေးအတွက် အိပ်မက် မက်ခဲ့ကြတဲ့ ခေါင်း ဆောင်ကြီးငယ်တွေ ကမ္ဘာမှာအများကြီး ပေါ်ပေါက်ခဲ့ဖူးပါတယ်။ အများအတွက် ကိုယ့်အသက်ကို စွန့်ပြီး ကိုယ့်အိပ်မက်ကို အကောင် အထည်ဖော်သွားကြတဲ့သူတွေ ရှိသလို တစ်ဦးချင်းရဲ့ ဘဝတိုးတက်ကောင်းမွန်ရေးအတွက် အနာဂတ်အိပ်မက်ကိုမက် ရင်း အဲဒီအိပ်မက်ကို အောင်မြင်အောင် အကောင်အထည်ဖော်သွားတဲ့ လူမျိုးတွေလည်း ကမ္ဘာအနှံ့အနည်းနဲ့အများ ရှိနေကြ ပါတယ်။
I will try – ငါ ကြိုးစား မယ်ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင် ထားပြီး အနာဂတ်ရဲ့ အကောင်း ဆုံး အိပ်မက်တွေကိုမက်ခဲ့၊ အ ကောင် အထည် ဖော်ခဲ့ဖူးတဲ့ လူတစ်ယောက်အကြောင်းကို ပြောပြ ချင်ပါတယ်။သူက အာဖရိကတိုက် မာလာဝီဆိုတဲ့ နိုင်ငံကပါ။ မြို့ကြီး ပြကြီးက မဟုတ်ဘဲ ကျေးလက်က အလွန်ဆင်းရဲတဲ့ မိဘနှစ်ပါးကပေါက်ဖွားလာတဲ့ လူငယ်တစ်ဦးပဲ ဖြစ်ပါတယ်။ သူ့နာမည်က လက်ဂ် ဆင်ကောရီးယာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အိပ်မက်က သူဟာပညာတတ်ကြီး ဖြစ်ချင်တယ်။ အမေရိကန်ကိုသွားပြီး ပညာသင် ချင်တယ်။ မာလာဝီဆိုတဲ့ သူ့နိုင်ငံလေးရဲ့ အနေအထားကိုသာမက အာဖရိကတိုက်ကြီးကိုပါ ပြောင်းပစ်ချင်တယ်။ သူဟာ သူ့ရွာနားကကျောင်း (အသွားအပြန် ၁၆ မိုင် ရှိတယ်)မှာ နေ့စဉ် ခြေလျင်ကျောင်းတက်ပြီး မူလတန်းအောင် ခဲ့တယ်။ မူလတန်း အောင်တော့ ဂရွန်ဂါဆိုတဲ့ မြို့က လစ်ဗင်းစ တုန်းကျောင်းမှာ ကျောင်းတက်နိုင်အောင်ကြိုးစားခဲ့တယ်။ နောက် တော့ အမေရိကန်ကို ရောက် အောင်သွားမယ်ဆိုပြီး တောတွေ၊ တောင်တွေ၊ မြက်ရိုင်းလွင်ပြင်တွေ၊ လူရိုင်းတွေ၊ တိုင်းနိုင်ငံများရဲ့ နယ်နိမိတ်တွေကို ကျော် ပြီး မိုင်နှစ် ထောင့်ငါးရာခရီးကို ခြေလျင် လျှောက်ပြီး သူ့အိပ်မက်ကို အကောင်အထည် ဖော်ခဲ့တယ်။
လမ်းမှာ ရောက်ရာ အရပ်၊ ကြုံရာတိုင်းပြည်မှာ ရရာအလုပ်ကို လုပ်ပြီး အသက်ဆက် ခဲ့တယ်။ ခြေနှစ်ချောင်းကို အားပြု ပြီး တဖြည်း ဖြည်း လျှောက်ခဲ့တယ်။ သူဟာ သူ့ရဲ့ ရည်ရွယ်ချက် အတိုင်း ဇွဲနပဲနဲ့ မမှိတ်မသုန် ကြိုးစားခဲ့သလို ကံတရားနဲ့ အခွင့် အလမ်းက မျက်နှာသာပေးလိုက် တဲ့အခါ ဆူဒန်နိုင်ငံ ခါတွန်က တစ်ဆင့် အမေရိကန်နိုင်ငံကို သင်္ဘောစီးပြီး ရောက်သွားခဲ့ရ တယ်။ သူ့ရဲ့ ခမ်း နားကြီးကျယ်တဲ့အိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့တယ်။ မိုင်နှစ်ထောင့်ငါးရာခရီး ကို ခြေလျင်လျှောက်ပြီး အမေရိ ကန်မှာ စာသွားသင်မယ်ဆိုတဲ့ သူ့ရဲ့ ရည်မှန်းချက်အိပ်မက်ကို မဖြစ် နိုင်တဲ့ အရူးအိပ်မက်လို့ အတော် များများက သဘောထားကြ၊ ပြက် ရယ်ပြုကြမှာ အမှန်ပဲ။ ဒါပေမယ့် ကောရီးယားဟာ သူ့အိပ်မက်ကို အမှန်တကယ် အကောင်အထည် ဖော်ပြခဲ့တယ်။ မဖြစ်နိုင်ဘူး ထင်တဲ့ ကိစ္စကို ဖြစ်အောင်လုပ်ပြခဲ့တယ်။ လူဆိုတာ ရည်မှန်းချက် ရှိဖို့ လိုတယ်။
အဲဒီရည်မှန်းချက် ကိုလည်း အိပ်မက် မက်ခွင့်ရှိ တယ်။အိပ်မက်ကိုလည်း အကောင် အထည် ဖော်နိုင်တယ်။ ဒါဟာ ကာယကံရှင်ရဲ့ ဇွဲသတ္တိ၊ လုံ့လဝီရိယနဲ့ပဲ ဆိုင်လိမ့်မယ်။ မြင်းမိုရ် တောင်ထိပ် ရအောင် တက်မယ် ဆိုပေမယ့် တကယ့်လက်တွေ့မှာ ခွေးကတက် မှာပင် မှောက်ရက်လဲ သွားသူတွေလည်း လောကမှာ အများအပြား ရှိတတ်တယ်။ ဒါကို လည်း အပြစ်ဆိုလို့တော့ မရဘူး။ သူတို့ ဟာ ကြီးကျယ်ခမ်းနားစွာ အိပ်မက်တော့ မက်ကြပါရဲ့။ ဒါပေ မယ့် လက်တွေ့လုပ်ဆောင်ဖို့ အားနည်းလေတော့ ဒီလိုမျိုး ဖြစ် သွား တာဟာ မဆန်းပါဘူး။ ရည်မှန်းချက်နဲ့ လက်တွေ့ဆောင်ရွက် မှုဆိုတာ တွဲပါလာတတ်မှ အောင်မြင်မှုဆိုတာ ရတတ်တာလေ။ ပြော တော့ ပြောပါရဲ့။ မလုပ်ရင် လိုချင်တာကို ရနိုင်ဖို့ ခက်တတ်တယ်။ ဘာပဲဖြစ်ဖြစ် လူငယ်တွေကိုတော့ အိပ်မက်မက်ကြပါ လို့ တိုက် တွန်းချင်တယ်။ အိပ်မက် ဆိုရာမှာလည်း ခမ်းနားကြီးကျယ်တဲ့ အိပ်မက်မျိုးတွေပဲ ဖြစ်စေချင်တယ်။ ပုဂ္ဂလိက အရေးထက် နိုင်ငံ အရေး၊ ကမ္ဘာကြီးအရေးအထိ ရည်မှန်းချက် ထားစေချင်တယ်။
လူငယ်တွေ အိပ်မက်များစွာမက် ကြတဲ့အထဲက တချို့အိပ်မက်တွေဟာ လက်တွေ့အကောင်အထည် ဖော်နိုင်ကြပြီဆိုရင် အသေ အချာကိုပဲ ပြောင်းလွဲမှုတွေက ပေါ်လာနိုင်ပါတယ်။ ဒါဟာအမှောင်ထဲက အလင်းတစ်စလို ကောင်းတဲ့ကိစ္စမျိုးပဲလေ။ လိုလားကြိုဆို ရမှာပေါ့။ ဒါကြောင့်လည်း လူငယ်တွေကို အိပ်မက်များများ မက်ကြပါလို့ ပြောဆိုတိုက်တွန်းနေရတာလေ။
1842 total views, 2 today