Welcome, visitor! [ Register | LoginRSS Feed  | 

Shameful Mistake

| Life Style | 2014年1月8日

shame

Written by ငြိမ်း​ချမ်း​အေး / (မိုးမခ)

ဇော်​မျိုး​ထွဋ် (မဇ္ဈိမ​လှိုင်း) နာ​ရေး သ​တင်း​ကို ကြေးမုံ က ဇော်​မျိုး​ထွဋ် (Emperor) ပုံ နဲ့ တင်​သ​တဲ့..။ ဗ​မာ့ စာ​နယ်​ဇင်း ရဲ့ အရည်အသွေး ကို အစ​ကတည်းက နားလည်​ပြီး​သား​ပါ။ ဒါ​ပေ​မယ့် အခု​ခေတ်​လို လူ​မှု​ကွန်ရက်​စာ​မျက်နှာ​တွေ​မှာ ဝါသနာ​ရှင်​တွေ​က ဝမ်းနည်း​တ​ကြီး​နဲ့ အမှတ်တရ ဓာတ်​ပုံ​တွေ တင်​နေ​ကြ​တဲ့ ခေတ်​မျိုး​မှာ ဒီ​လို အမှား​မျိုး ကျူးလွန်​တာ​တော့ တော်တော့်​ကို သောက်​သုံး​မ​ကျ​ကြောင်း ပေါ်လွင်​တယ်။

ပြော​မယ့်​သာ ပြော​ရ​တယ်၊ တကယ်​တော့ အမှား​တွေ၊ အလွဲ​တွေ ဟာ သောက်​တ​လွဲ စနစ် နဲ့ သောက်​တ​လွဲ လူ​တွေ ရာ​စု​နှစ်​ဝက် ကြီးစိုး​နေ​တဲ့ တိုင်း​ပြည်​မှာ အသား​ကျနေ​ခဲ့​တာ ကြာ​ခဲ့​ပါ​ပြီ။

ပိတ်​ဆို့​ထား​တဲ့ တိုင်း​ပြည်​မျိုး​ဆို​တော့ နည်း​နည်း ကမ္ဘာ​နဲ့ စ ချိတ်​မိ​ခါ​စ​တုန်း​က ATM စက် ကို “အလို​အလျောက် စကားပြော​စက်” လို့ စာ​နယ်​ဇင်း က ဘာသာ​ပြန်​ဖူး​ခဲ့​တယ်။ အင်္ဂလိပ်​စာ တ​လွဲ​ပြန်​မှု​တွေ​က အခု​အချိန်​ထိ​လည်း အမြဲ​မ​ပြတ်​ပါ​ပဲ။ ပြော​တဲ့​သူ​သာ အာ​ပေါက်သွား​ပါ​မယ်။

အစစ အရာ​ရာ အားနည်း​တဲ့ တိုင်း​ပြည်​မျိုး​ဆို​တော့.. အလုပ်​သင်​ဆရာဝန် က နှလုံး မှာ အခန်း (၃) ခန်း​ပါ​ကြောင်း ပြော​တယ်။ ကျောင်း က မြန်မာ​စာ ဆရာ​မ​လေး က “စာ​ပုလွေ ရင်​မှာ​ပိုက် လို့” ကို စာ​လေး​ရယ်၊ ပုလွေ​လေး​ရယ် လုပ် စာ​သင်​တတ်​တယ်။

အဲ့​သ​လို တိုင်း​ပြည် က ခေါင်းဆောင် အိမ်ရှေ့မင်း​သား စစ်ဗိုလ်​ကြီး က နိုင်ငံ​ခြား ဟိုတယ် တ​ခု ရှေ့က ပု​ခုံး​ဘား​တွေ​အပြည့်​နဲ့ အပေါက်​စောင့်​ကို အလေးပြု​တယ်။ သူ​တို့​လို ဘား​တွေ အပြည့် ဝတ်​ထား​တော့ သူ့​ခ​မျာ အလေးပြု​မိ​တာ​ပေါ့။ မ​ဆ​လ ခေတ် တ​လျှောက် နိုင်ငံ​ခြား လေ့​လာ​ရေး ခရီးသွား​ခွင့်​ရ​တဲ့ စာရေး​ဆရာ​များ အေး​တဲ့ အရပ်​မှာ မျက်နှာသစ်​ဖို့​ပေး​တဲ့ အငွေ့​တ​ထောင်းထောင်း​ထ​နေ​တဲ့ ရေနွေး​ငွေ့​စိမ် Towel အသေး​စား​လေး​တွေ​ကို ကော်​ပြန့်​လိပ်​မှတ်​လို့ ကိုက်​စား​ကြ​တယ်။

ဆရာ​ဦး​ဝင်​တင် က မ​ဆ​လ ခေတ် သူ​ခေါင်းဆောင်​ပြီး ဥ​ရော​ပ ကို ယဉ်ကျေး​မှု က​ပွဲ အဖွဲ့ ခရီး​ထွက်​စဉ် ကိုယ်​တွေ့​ကြုံတွေ့​ခဲ့​ရ​တဲ့ မိမိ​အဖွဲ့​သား​တွေ​ရဲ့ စိတ်​ဓာတ်​ပိုင်း​ဆိုင်​ရာ စံ​လွဲ​မှု​တွေ​ကို ပြန်လာ​တော့ ဆောင်းပါး ရှည်​ကြီး ရေး​ဖူး​ခဲ့​တယ်။ သူ့​ကို လူ​အတော်​များ⁠များ​လည်း မေတ္တာပို့​ခံ​ထိ​တယ်။ တိုင်း​ပြည် က တံခါး​ပိတ် လိုက်​တော့ အသိ၊ အမြင်၊ အယူ​အဆ တွေ​က တ​လွဲ​တွေ​ချည်း​ဖြစ်​ကုန်​ကြောင်း၊ စီးပွား​ရေး​ကျ​ဆင်း​မှု နဲ့​အတူ ရုပ်​ဝတ္ထု​ပစ္စည်း ရှားပါး​လာ​ပြီး လူ​တွေ​ရဲ့ အမူအကျင့်၊ အတွေး​အခေါ် တွေ ပြောင်းလဲ​သွား​ကြောင်း၊ တန်ဖိုး​ထား​မှု စံ​လွဲ​သွား​ကြောင်း​ကို ဦး​ဝင်​တင် က ပုံဖော်​ရေး​ခဲ့​တယ်။

ရော​မ က တ​ကယ့် နိုင်ငံ​တကာ က​ပွဲ ဇာတ်​ခုံ​ကြီး​တွေ​မှာ မြန်​မာ့​ယဉ်ကျေး​မှု အဖွဲ့ က​ပြ​ခွင့်​ရ​ပေ​မယ့် အဖွဲ့​သား ပညာ​ရှင်​များ​ဟာ အိမ်​အပြန် ဓာတ်​ဗူး လေး တ​လုံး ပါ​ဖို့ အရေး အတွက် အသုံး​စား​ရိတ် ကို ချွေတာ၊ မ​စား​မ​သောက်​ဘဲ နေ​ကြ၊ အား​ပြတ်​ပြီး ဖျားနာ​ကြ ဖြစ်၊ နောက်ဆုံး တကယ် စင်ပေါ်​မှာ တက်​ကတော့ မက​နိုင်​တော့​ကြောင်း​တွေ​ကို ဆောင်းပါး မှာ ဝမ်းပန်း​တ​နည်း​ရေး ထောက်​ပြ​ခဲ့​ဖူး​တယ်။

ဒီ​လို အနု​ပညာ​ရှင်၊ အသိ​ပညာ​ရှင်၊ အတတ်​ပညာ​ရှင် အားလုံး စနစ်​နဲ့​လိုက် မှား​ခဲ့၊ လွဲ​ခဲ့​တဲ့ တိုင်း​ပြည်​မျိုး​မှာ ၉​၀ ခု​နှစ်​များ စစ်​ထောက်လှမ်း​ရေး က ပြည်​သူ့​နား​မျက်စိ စာ​နယ်​ဇင်း လောက ကို ချုပ်​ချင်​တော့ စစ်ဗိုလ်​ပြုတ်​များ၊ အဟောင်း​များ၊ အဆွယ်​အပွား ဆွေတော်​မျိုးတော် တ​သိုက် နဲ့ ဖျက်ဆီး​ခဲ့​တဲ့ ဗ​မာ့​စာ​နယ်​ဇင်း ရဲ့ အဆင့် ဟာ အဖတ်​ဆယ် မ​ရ ဖြစ်​ခဲ့​ရ​တယ်။

ဟိုး​အရင် ဂျာနယ်​တွေ ပေါ်​ဦး​စ မှို​လို​ပေါက်​ချိန် သ​တင်း​ထောက် တ​ယောက် က မန္တလေး​သိန်းဇော် ရဲ့ Azada Gallery ဖွင့်​ပွဲ ကို တက် သ​တင်း​ယူ​တော့ မန္တလေး သိန်းဇော် သွား​ပြီး “ဦး​က အရင် ဘာ​လုပ်​ငန်း​လုပ်​ခဲ့​ပါ​သလဲ” လို့ မေး​သ​တဲ့..။ နိုင်​ငံကျော် ကဗျာ​ဆရာ၊ ဇာတ်မင်းသား၊ အဆိုတော် လည်း စိတ်ပျက်​ပျက်​နဲ့ “ကျုပ် ဇာတ်​က စား​တယ် ဗျာ၊ ဇာတ်​ကစား​တယ်” ဆို​ပြီး ပြန်​ဖြေ​ဖူး​တယ်။

နောက် တ​ယောက်​က​ကျ VCD ထုတ်​ဖို့ Live Show တွေ စ​လုပ်​ကြ​ချိန် မေ​ဆွိ ပွဲ မှာ မြင့်⁠မြင့်​ခင် က နပန်း​ဆံ ဆို​တော့ သ​တင်း​ထောက် အချင်းချင်း ပြော​သ​တဲ့..။ “ဒီ အဖွား​ကြီး​က သီချင်း​လည်း ဆို​တတ်​တယ်နော်..” ဆို​ပဲ..။

ဂျူး ဆို ၉​၀ ခု​နှစ်​များ နှောင်း​ပိုင်း က စ​လို့ စာ​နယ်​ဇင်း သ​တင်း​ထောက်​တွေ ရဲ့ ပေါက်​တတ်​ကရ မေးခွန်း​တွေ ဒဏ်​မ​ခံ​နိုင်​လို့ အင်တာဗျူး ဆို အမြဲ​ရှောင်​တယ်​လို့ ဆို​တယ်။ နိုင်ငံ​တကာ မှာ​လို အင်တာဗျူး အတွက် အချိန်​သတ်​မှတ် ပိုက်ဆံ​တောင်း​ဖို့ ကြံစည်​နေ​ကြာင်း ရေး​ဖူး​တယ်။ အိမ်ထောင် ရှိ​သလား အမေး​ကို မ​ရှိ​ကြောင်း ဖြေ​အပြီး​မှာ “ကလေး​ဘယ်နှစ်​ယောက်​လဲ” မေး​တတ်​သူ​မျိုး​တွေ​နဲ့ တွေ့​မှာ ကြောက်​သွား​ဟန်​တူ​တယ်။ ဒါ​မှ​မဟုတ် ဒါ့​ထက်​ဆိုး​သူ​တွေ​နဲ့ ကြုံ​ဖူး​ခဲ့​လို့ ဖြစ်​မယ်။

ဟို​တရက်​က ဂျာနယ်​တ​စောင်​မှာ နေ​မျိုး​ဝေ က အမြင်​သဘောထား တောင်းခံ​တဲ့ မေးခွန်း​တ​ခု အတွက် ဆဲဆို ဖြေ​ခဲ့​ကြောင်း အပြည့်​အစုံ ဖော်​ပြ​ထား​တာ တွေ့​လိုက်​တယ်။ မေးခွန်း​ကြည့်​လိုက်​တော့ နေ​မျိုး​ဝေ ဆဲ​တာ နည်း​တောင် နည်း​သေး​တယ်​လို့ တွေး​မိ​တယ်။ မေးခွန်း​က “အခု​ခေတ် မှာ အမျိုး၊ ဘာသာ၊ သာသနာ ရှေ့​တန်း​တင်​လွန်း​အားကြီး​နေ​တဲ့ အပေါ်​ဘယ်​လို​မြင်​သလဲ” သဘော​မျိုး မေး​တယ်။ နေ​မျိုး​ဝေ​လို သူ​များ ဘာသာ​သာသနာ ကို မဟုတ်​တ​ယုတ် အယုတ္တအနတ္တ တွေ အချိန်​တိုင်း ပြော​ပြီး အမျိုး၊ ဘာသာ၊ သာသနာ ကာ​ကွယ်​စောင့်ရှောက်​သူကြီး လုပ်၊ အောက်​လမ်း​နည်း နဲ့ နိုင်ငံ​ရေး​လမ်းဖောက်​နေ​သူ​ကို သွား​ပြီး ဒီ​လို မေးခွန်း​မေး​ရင် ဒီ​လို​မျိုး ပြန်​အဆဲ​ခံ​ထိ​ရ​တာ အဆန်း မဟုတ်​ဘူး။

ဟို ဟာ​သ ပုံပြင်​လို​ပဲ ဆို​ရ​မယ်။ အမေ က ကလေး ကို ဈေး​မှာ ဝက်ဆီ သွား​ဝယ်​ခိုင်း​တော့ ကလေး​က ဈေးသွား ဝက်ဆီ ရှာ​တယ်၊ မ​တွေ့​တော့ ပြန်လာ​ပြီး မ​တွေ့​ကြောင်း ပြော​တယ်၊ အမေ က “ဟဲ့.. နင် မူ​ဆာ​ကြီး ဆိုင်​ကော မေး​ခဲ့​သလား” လို့ ပြန်​မေး​တော့ ကလေး​က “မေး​ခဲ့​တယ် အမေ” ဖြေ​တယ်။ အဲ့​တော့ အမေ က “နင့်.. ရိုက်​မ​လွှတ်လိုက်​တာ ကံကောင်း​တာ​ပေါ့” ဆို​တယ်။ မူ​ဆာ​ကြီး​ဆိုင် သွား​ပြီး ဝက်ဆီ​ရှိ​သလား မေး​တာ ရိုက်​မ​လွှတ်လိုက်​တာ ကံကောင်း​သ​လို အဲ့​သ​လို မေးခွန်း​မျိုး နေ​မျိုး​ဝေ ကို မေး​လို့ အဆဲ​ခံ​ရ​တာ နည်း​တယ် လို့​ပဲ ဆို​ရ​မယ်။

ဖြေ​သူ​ဘက်​က ဆဲ​လွှတ်​တာ​ဟာ မှား​ပေ​သိ စာ​နယ်​ဇင်း သဘော မှာ တ​ယောက်​ယောက် ဆီ​က အမြင်​သဘောထား တောင်းခံ​ရင် လမ်းကြောင်း​မေး​မှု​မျိုး မ​လုပ်​အပ်​ဘူး ဆို​တာ နားလည် လက်ခံ သိ​ထား​ရ​မယ့် အခြေ​ခံ သဘော​ဖြစ်​တယ်။

ဟို​တ​လောက ပြည်​တွင်း စာ​နယ်​ဇင်း ဆောင်းပါး​ရှင် တ​ယောက် စာ​တ​ပုဒ် မှာ တင်​မိုး ရဲ့ ဧည့်သည်​ကြီး ကဗျာ ကို ယူ​သုံး​ပြီး ကဗျာ​ဆရာ အမည် မ​သိ​လို့ ပြော​ပြ​ပါ ဆို​တော့ ကဗျာ​ဆရာ အကို တ​ယောက် ဘုရား တ​ရ​ရှာ​တယ်။ ဆရာ​ကြီး တင်​မိုး​လည်း သူ​တို့ လုပ်​မှ “အမည်​မ​သိ ရှေး​စာဆို” ဖြစ်​ရ​တော့​မယ်။

ဗိုလ်​နေ​ဝင်း ဆက်​စပ် ပုံပြင်​တ​ပုဒ် ဆို​ရင် ဗိုလ်​နေ​ဝင်း က ဒ​ဂုန်​တာရာ ကို ဗိုလ်​တာရာ အမှတ်​နဲ့ “ခင်ဗျား မုဆိုး​ဝတ္ထု​တွေ ရေး​သေး​လား” မေး​သ​တဲ့..။ ဒါ​တော့ သောက်​မြင်​ကတ်​လို့ ပြော​တဲ့ ပုံပြင်​ပဲ ဖြစ်​မှာ​ပါ။ တကယ် ဟုတ်ဟန် မ​တူ​ပါ​ဘူး။ ဘာ​လို့​ဆို ဗိုလ်​နေ​ဝင်း က ဟို​စပ်​စပ် ဒီ စပ်​စပ် စာ​ဖတ်​တတ်​သ​လို၊ မှတ်ဉာဏ်​လည်း အင်မတန်​ကောင်း၊ လူရည်လည် တဲ့ လူ​တွင်ကျယ် တ​ယောက်​ပါ။ အခု​ခေတ် စစ်ဗိုလ်​ကြီး​များ နဲ့ အရည်အချင်း က ဆီ နဲ့ ရေ ကွာ သ​လို ကွာ​ပါ​တယ်။ ဒီ​ခေတ် စစ်ဗိုလ်​ကြီး​များ ဗိုလ်​နေ​ဝင်း ထက် သာ​တာ တ​ခု​ပဲ ရှိ​တယ်၊ အာဏာ အလွဲ​သုံး​စား​လုပ်၊ လက်ဝါး​ကြီး အုပ် ကိုယ်ကျိုး​ရှာ​တတ်​မှု​ပဲ။ ဒါ​တော့ ဆ​ရာ့​ထက်​တပည့် လက်စောင်း​ထက် ကြ​တယ်။

ဒီ​ခေတ် စစ်ဗိုလ်​ကြီး​များ​ရဲ့ အရည်အသွေး ကြည့်ပါ။ သမ္မတ​လုပ်​နေ​သူ က နိုင်ငံ​ခြား သ​တင်း​ထောက် တ​ယောက်⁠ယောက်​က​များ မေးခွန်း​မေး​ရင် အရပ်​ကူ​ပါ၊ လူ​ဝိုင်း​ပါ အမြဲ ဖြစ်​ရ​တယ်၊ အင်္ဂလိပ် စာ​တင် မတတ်​တာ မဟုတ်၊ မြန်မာ​စာ ပါ မတတ်​ကြောင်း ကို ပါ​ရာ​ဖတ် မိန့်ခွန်း​ပြော​ရင် စာ​သံ​ပေ​သံ “သူမ​သည်..” တွေ ဘာ​တွေ အမြဲ​လုပ်​တတ်​တယ်။

ဗ​ဟု​သုတ ကြွယ်​ဝ​မှု​က​လည်း လက်ဖျားခါ​လောက်​တယ်။

အရင်​လ​က​ပဲ ပြန်ကြား​ရေး ဒု​ဝန်ကြီး ဆို​သူ​က ဆရာ​ငြိမ်း ရဲ့ “မန်း​တောင်​ရိပ်​ခို” ကို “မြ​နန္ဒာ” လုပ်​ခဲ့​တယ်။ “ရက်​ရွေး​မ​နေ​ပါ​နဲ့.. ကို⁠ကို​ရယ်.. အသက်​ကလေး​ရယ်.. ရှည်​စေ​လို​ရင်​ဖြင့်..” နဲ့ စ​တဲ့ ဆရာ​တင် ရဲ့ “မြ​နန္ဒာ” သီချင်း သပ်သပ်​ရှိ​ပါ​တယ်၊ ဆရာ​ငြိမ်း သီချင်း နာမည်​က “မန်း​တောင်​ရိပ်​ခို” ပါ ဆို​တာ ခေတ်​အဆက်ဆက် ဆရာ​တွေ အမျိုး​စုံ ရှင်း​ပြ​ခဲ့​ဖူး​တယ်၊ ဒါ​လည်း သောက်​မှတ် က မ​ရှိ​ဘူး၊ မှား​ဆဲ​ပဲ။ ဒါ​တောင် “မန်း​တောင်​ရိပ်​ခို” က စစ်ဗိုလ် ဝန်ကြီး များ ပွဲသိမ်း​ခံ၊ အရက်​ဝိုင်း​နဲ့ မျောက်​လို ကွေး​နေ​အောင် က နေကျ သီ​ချင်းနော်။

အဲ့​သ​လို လူ​တွေ တိုင်း​ပြည် မှာ ကြီးစိုး​ခဲ့​တော့ တီ​ဗွီ​မှာ ကလေး​တွေခေါ် ဉာဏ်​စမ်း​ပြိုင်​ပွဲလုပ်​ရာ​မှာ ကလေး​တ​ယောက် က “မန်း​တောင်​ရိပ်​ခို” သီချင်း ရဲ့ ဂီ​တ​စာဆို နာမည် မေးခွန်း​အတွက် “ရင်​ဂို ပါ” လို့ ဖြေ​တယ်။ ဖြစ်​နိုင်​၏၊ မ​ဖြစ်​နိုင်​၏ အကျိုး၊ အကြောင်း မ​စဉ်း​စားန်ိုင်​မှု၊ အထွေ​ထွေ ဗ​ဟု​သုတ နည်း​မှု​တွေ အတွက် ပညာ​ရေး​စနစ်​အကြောင်း သိ​လို့ နားလည် ခွင့်လွှတ်​ပေး​နိုင်​ပေ​မယ့် မ​သိ​တဲ့ မေးခွန်း​အတွက် ဖြေ​ရာ​မှာ မှန်​လေ​မ​လား​ဟဲ့.. ဆို​တဲ့ စိတ်​နဲ့ ရမ်း​သန်း​ဆို​ရဲ​မှု၊ ပြော​ထွက်​မှု က တိုင်း​ပြည်​ရဲ့ စာ​ရိတ္တ​ပိုင်း​ဆိုင်​ရာ အားနည်း​မှု ကို ပါ ဖော်​ပြ​နေ​တယ်။

“ငါ​နဲ့ မ​ထိုက်တန်​တာ​ကို ငါ မ​ယူ​ဘူး​ဟေ့” ဆို​တဲ့ စိတ်​ဓတ် ဟာ လူ့​အဖွဲ့​အစည်း​မှာ ပျောက်​ကွယ်​နေ​တာ ကြာ​ပါ​ပြီ။ အရာ​ရာ​မှာ အချောင်​လို​စိတ် သာ ဝမ်းနည်း​ဖွယ် ရှင်​သန်​အား​ကောင်း​နေ​တယ်။ ဒါ​လည်း ကလေး​သူငယ်၊ လူ​ငယ်​များ ကို အပြစ်​ဆို​ဖွယ် မ​ရှိ။ လူကြီး​ဆို​သူ​များ ကိုယ်တိုင် ခေတ်​အဆက်ဆက် ကိုယ်​နဲ့ မ​ထိုက်တန်​တဲ့ ရာထူး၊ နေရာ၊ အာဏာ၊ စည်းစိမ်၊ လုပ်​ပိုင်​ခွင့် တွေ မ​တရား အဓမ္မ​ယူ ကြီးစိုး​ခဲ့​တော့ ဒီ​လို လူ​မှု​အဖွဲ့​အစည်း၊ စနစ် ရဲ့ သားကောင် ကလေး​လူ​ငယ် များ စာမ​တတ်​ဘဲ စာ​မေး​ပွဲ​အောင်​ချင်​တာ၊ ဗ​ဟု​သုတ မ​ရှိ​ဘဲ အမှတ်​လိုချင်​တာ​မျိုး​ဟာ ဖြစ်​တတ်​တဲ့ ဓမ္မတာ​ပဲ ဖြစ်​တယ်။

တက္ကသိုလ် ပထမ​နှစ်​တက်​ချိန် အဆောင်​မှာ ဘာသာ​ရပ်​တ​ခု တက်​နေ​တဲ့ မဟာ တန်း​က အကိုကြီး​တွေ​နဲ့ အတူ​နေ​ဖူး​တယ်။ ကိုယ့်​ကျောင်း​မှာ​က​လည်း အဲ့​ဒီ​ဘာသာ​က အဓိက ဖြစ်​တော့ သူ​တို့​ဆီ​က အကူအညီ အများ​ကြီး ရ​ခဲ့​တယ်။ သူ​တို့​အားလုံး စာတော်၊ သဘောကောင်း၊ ဘုရား​တရား ကိုင်း​ရှိုင်း​ကြ​တယ်။ သူ​တို့​နဲ့ နေ​စဉ်​က​ဆို ဘုရား​ကြီး မျက်​နှာတော်​သစ် ကို အပတ်​တိုင်း​လိုလို ရောက်​တယ်။ ဆို​ချင်​တာ​က သူ​တို့​အားလုံး​ဟာ အများ သူ​သူ ငါ​ငါ လို​ပဲ တန်းတူ ပညာ၊ ကိုယ်​ကျင့်​တရား၊ သီလ ရှိ​တယ်။

တရက် သူ​တို့​နဲ့ စကား​ဝိုင်းဖွဲ့​ရင်း အခွင့်အရေး အကြောင်း ရောက်​သွား​တယ်။ တ​ယောက်​က “ငါ​တို့​လည်း အခွင့်အရေး သာ ရ​ရင် အလွဲ​သုံး​စား လုပ်​မှာ​ပဲ၊ ကိုယ်ကျိုး​ရှာ​မှာ​ပဲ၊ အခု​ခေတ် ဗိုလ်​ချုပ်​တွေ​လို ဖြစ်​မှာ​ပဲ၊ ကျောင်း​ပြီး အလုပ်​လုပ်​ရင် ငါ​တို့​လည်း အခွင့်အရေး ရှာ​မှာ​ပဲ” ဆို​တဲ့ သဘော​မျိုး ဆို​တယ်။ “ခိုးစား​မှ နပ်​မှန်​မယ့် စနစ်” အကြောင်း​ကို နားလည် ပေ​မယ့် အဲ့​ဒီ​လို မြိန်​ရေ​ရှက်​ရေ ကြိုတင် ကြံစည် ဆို​တာ ကြား​ရ​တော့ ဆိုလို​ချင်​တဲ့ သဘော​ကို နားလည်​သိ​တိုင် ကိုယ်​နေထိုင်​ရာ လူ့​အဖွဲ့​အစည်း​အတွက် တုန်လှုပ်​ခြောက်​ခြား​သွား​ခဲ့​တယ်။ စာ​ရိတ္တ မဏ္ဍိုင် ယိုင်​ဆင်း မှု​ဟာ တ​ဦး​ချင်း သဘော မဟုတ်​ကြောင်း၊ အခွင့် မ​ရ​လို့​သာ မ​ခိုး​ဘဲ နေ​မယ်၊ ရ​ရင်​တော့ ခိုး​မယ့် လူ အများ​ကြီး ဖြစ်​ကြောင်း ကို အသက် (၁​၈) နှစ် အရွယ် မှာ ကောင်း​ကောင်း သဘောပေါက်​သွား​ခဲ့​တယ်။

ဒီ​လို​နဲ့ တိုင်း​ပြည် ရဲ့ ကဏ္ဍ တိုင်း​မှာ အမှား တွေ သာ တွင်ကျယ်​နေ​ကြောင်း၊ အမှန်​တွေ​က အမှား​ဖြစ်၊ အမှား​တွေ က အမှန်​ဖြစ်​နေ​ကြောင်း၊ အဓမ္မ က ဓမ္မ ကို နိုင်​နေ​ကြာင်း၊ သစ္စာ​တရား က အိမ်​မှာ ဖိနပ်​ကြိုး​ချည်​နေ​စဉ် မု​သာ​ဝါဒ က တိုင်း​ပြည်​အနှံ့ ခရီး​ထွက်​ပြီး​ပြီ ဖြစ်​ကြောင်း​ကို ငယ်​ငယ်ရွယ်​ရွယ်​မှာ ရှင်​သန်​ရာ လူ့​ပတ်ဝန်းကျင်​ကို ကြည့်​ပြီး သင်​ခန်း​စာ ရ​ခဲ့​ရ​တယ်။

မသူတော်​များ ကြီးစိုး ဖျက်ဆီး​ရာ နိုင်ငံ​ရေး စနစ် ပျက်စီး​မှု က​နေ စ​ခဲ့​တဲ့ တိုင်း​ပြည်​ရဲ့ ကပ်​ရောဂါ​ဟာ လူ​မှု၊ စီးပွား၊ ကျန်းမာ၊ ပညာ၊ တရား​ရေး၊ အုပ်ချုပ်​ရေး၊ စာ​နယ်​ဇင်း၊ အနု​သု​ခု​မ​ပညာ စ​တဲ့ အစစ အရာ​ရာ ကို စွဲကပ်​ခဲ့​ပြီး အဖက်​ဖက်​မှာ ကိုယ်​ခံ​အား​တွေ ကျ​ခဲ့၊ ယုတ်လျော့​ခဲ့​ရ​တယ်၊ ချွတ်​ခြုံ​ကျ ခဲ့​ရ​တယ်။ ရုပ် ဝတ္ထု ပစ္စည်း​တွေ၊ အဆောက်အအုံ​တွေ လဲ​ပြို​အပြီး နောက်ဆုံး စာ​ရိတ္တ​ပိုင်း​ဆိုင်​ရာ၊ ကျင့်ဝတ်​ပိုင်း​ဆိုင်​ရာ၊ နာမ်​ပိုင်း​ဆိုင်​ရာ ဆောက်တည်​မှု​တွေ အားလုံး ပြိုလဲ​ပျက်စီး ဖြစ်​ခဲ့​ရ​တယ်။

ဒီ​လို နောက်​ခံ​မှာ ဗ​မာ့ စာ​နယ်​ဇင်း ရဲ့ အမှား​များ​ဟာ အထူး​အဆန်း မဟုတ်​တော့​ပါ​ဘူး။ ဒါ​ပေ​မယ့် လူထု ရဲ့ အသိ၊ အမြင် ကို ဖွင့်​ပေး၊ မြှင့်​ပေး​ရ​မယ့် စာ​နယ်​ဇင်း ဟာ တတ်နိုင်​သ​လောက်​တော့ အမှား​နည်း​အောင် ကြိုးစား​စေ​ချင်​တယ်။ အထူးသဖြင့် အခု​လို ခလုတ်​တ​ချက်​နှိပ်​ရင် အရာ​ရာ ဆို​သ​လို ရှာဖွေ ဗ​ဟု​သုတ တိုးပွား​လို့ ရ​တဲ့ ခေတ်​ကြီး​မှာ၊ နိုင်ငံ​တကာ စံ​နှုန်း၊ စံ​ထား တွေ​ကို အလွယ်​တ​ကူ လေ့​လာ သိမြင်​လို့ ရ​တဲ့ ခေတ်​ကြီး​မျိုး​မှာ ဗ​မာ့ စာ​နယ်​ဇင်း က လူ​ငယ်​များ အလေး​ထား ကြိုးစား မိမိ အရည်အချင်း​ကို မိမိ မြှင့်​ကြ​ဖို့၊ မိမိ ကျင့်ဝတ်၊ သိက္ခာ ကို စောင့်​တည်​ကျ​ဖို့ တိုက်တွန်း​လို​တယ်။

Share Button

Click here to submit your review.


Submit your review
* Required Field

4996 total views, 4 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • coffee

    အဆိပ်​သင့်​အနမ်း​များ

    by on 2013年11月15日 - 0 Comments

    Written by ရွှေ​ရည် ကော်​ဖီ​ဆိုင်​ဟု အမည်တပ်​ထား​သော ဆိုင်​လေး​ထဲ​သို့ ဆယ်ကျော်​သက် စုံ​တွဲ​တစ်​တွဲ ဝင်​ရောက်လာ​ပြီး “အခန်း​ရှိ​သေး​လား” ဆို​သော​အသံ​က ဆယ်ကျေ...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...