Welcome, visitor! [ Register | LoginRSS Feed  | 

Yangon Dream

| Life Style, Myanmar Business | 2014年3月5日

yangon_view_south

(Written by: ချစ်​ဝင်း​မောင်)

နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေထိုင်​ရာ တိုက်ခန်း​၏ ဝ​ရန်​တာပေါ်​မှ လမ်း​ထဲ​သို့ လှမ်းမျှော်​ကြည့်​လိုက်​လျှင် တစ်​လမ်း​လုံး ထပ်​မြင့်​တိုက်​ကြီး​များ တန်း​စီ​နေ​ပြီး တိုက်ခန်း​ငယ်​အသီး​သီး အထပ်ထပ်​တို့​၏ ဝ​ရန်​တာ​များ​ကို မြင်​နေ​ရ​သည်။ ကန်​ထ​ရိုက်​တိုက်​ဟု ခေါ်တွင်​သော အနည်း​ဆုံး ခြောက်​ထပ်​မှ ရှစ်​ထပ်​အထိ​မြင့်​သော တိုက်တာ​တို့​သည် လမ်း​တစ်​လမ်း​လုံး​ကို နေရာ​ယူ လွှမ်းမိုး​ထား​လေ​ပြီ။

လွန်ခဲ့သော နှစ်​ပေါင်း​အစိတ် ၁​၉​၈​၈ ခု​နှစ် အရေး​အခင်း​ကြီး မ​ဖြစ်ပွား​မီ​အချိန်​က ဒီ​လမ်း​ကလေး​သည် သုံး​ပင်​နှစ်​ခန်း၊ ပျဉ်​ကာ​သွပ်မိုး တစ်​ထပ်​အိမ်​ငယ်​များ၊ ခြံ​ဝင်း​များ (အနည်းငယ်​မျှ​သော ငွေ​ကြေး​ကြွယ်​ဝ​သူ​တို့​၏) တစ်​ထပ်​အုတ်​ခံ​အိမ်၊ နှစ်​ထပ်​အုတ်​ခံ​အိမ်​အချို့​သာ ရှိ​သည်။ ယခု​လို ရှစ်​ထပ်​ကန်​ထ​ရိုက်​တိုက် တစ်​လုံး​မျှ​မ​ရှိ။ ကို​လို​နီ​ခေတ်​ကတည်းက ရှိ​ခဲ့​သော လမ်း​ဟောင်း​မှာ မ​ဆ​လ​တစ်​ခေတ်​လုံး မ​ပြု​မ​ပြင်​ထား​သ​ဖြင့် မ​ညီမ​ညာ၊ မိုး​အခါ​တွင် ရေဝပ်​ဗွက်​ထသော်​လည်း လမ်း​ထဲ​မှာ သစ်ပင်​တွေ အုပ်​အုပ်ဆိုင်း​ဆိုင်း အိမ်​ငယ်​ခြံ​ဝင်း​များ​နှင့် ရပ်​ကွက်​သ​ဘာ​ဝ​အတိုင်း ရှိ​နေ​သည်။ တစ်​လမ်း​လုံး နှစ်​ထပ်​ထက်​မ​ပို​သော လုံး​ချင်း​အိမ်​ငယ်​များ​နှင့် စီ​တန်း​ရှိ​ခဲ့​သော လမ်း​ကလေး​သည် နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကွန်​က​ရစ်​နံရံ​ကြီး​အောက် ရောက်​ရှိ​သွား​ခဲ့​သည်။ လုပ်​ငန်း​ရှင်​ကြီး​တစ်​ဦး​၏ မ​တည်​မှု​ဖြင့် လမ်း​ကလေး​ကို နိုင်​လွန်​ကတ္တ​ရာ ခင်း​နိုင်​ခဲ့​ရာ ထပ်​မြင့်​တိုက်​များ​နှင့် ပ​နံ​ရ​နေ​သော မြို့ပြ​လမ်း​တစ်​ခု​အသွင် ဆောင်​လာ​သည်။

အမှန်​တော့ ၁​၉⁠၉​၀ ပြည့်​နှစ်​များ​အထိ ဒီ​နေရာ​သည် ရန်ကုန်​မြို့တော်​၏ ဆင်ခြေဖုံး ဧ​ရိ​ယာ​ထဲ​မှာ​ပဲ ရှိ​သေး​သည်။ ယခု​တော့ ရန်ကုန်မြို့​လယ် ဧ​ရိ​ယာ​ထဲ ရောက်​သွား​သည်။ ကျောက်​မြောင်း၊ တာ​မွေ၊ ပု​ဇွန်​တောင်၊ စမ်း​ချောင်း၊ ကြည့်​မြင်​တိုင်၊ ကမာ​ရွတ်​တို့​သည် ၁​၉​၈​၈ ခု​နှစ် မ​တိုင်​မီ​အထိ အိမ်​ငယ်​အိမ်​ခြေ​များ​ဖြင့် ဖွဲ့​စည်း​ထား​သည့် ဆင်ခြေဖုံး​အရပ်​တွေ ဖြစ်​ခဲ့​သည်။ ယခု ၂​၀​၁​၀ ပြည့်​လွန်​နှစ်​များ​မှာ​တော့ မြို့ပြ​ရပ်​ကွက်​တွေ​အဖြစ် ပြောင်းလဲ​သွား​ကြ​ပြီ။ သည်​မြို့​နယ်​တွေ​အားလုံး လမ်းသွယ်​တွေ​အားလုံး ကန်​ထ​ရိုက်​တိုက်ခေါ် လူ​နေ​တိုက်ခန်း​များ​နှင့် ပြည့်​ကျပ်​သွား​ခဲ့​သည်။ တိုးတက်​လာ​သော မြို့ပြ​လူ​ဦးရေ​၏ နေထိုင်​မှု​အတွက် လို​အပ်​ချက်​အရ ဒီ​အဆောက်အအုံ​တွေ တိုးပွား​လာ​ခဲ့​တာ​ဖြစ်​သည်။ အလားတူ မြို့တော်​ရန်ကုန်​၏ ဧ​ရိ​ယာ​သည်​လည်း နှစ်​ပေါင်း ၂​၀ ကျော်​အတွင်း အလွန်​ပြန့်​ကား ကြီး​ထွား​ခဲ့​သည်။ ယခင်​က မြောက်​ဥက္က​လာ​ပ၊ တောင်​ဥက္က​လာ​ပ၊ သာ​ကေ​တ ဆင်ခြေဖုံး​မြို့​သစ် သုံး​မြို့​သာ မြို့တော်​ကို ဝန်းရံ​ထားခဲ့​ရာ​မှ ယခု​ဆို​လျှင် မြောက်​ဘက်​၌ ရွှေ​ပြည်​သာ၊ အနောက်​ဘက်​မှာ လှိုင်​သာယာ၊ အရှေ့​ဘက်​မှာ ပဲခူး​မြစ်​အထိ ဒ​ဂုံ​တောင်၊ မြောက်​မြို့​နယ်​ကြီး​တွေ ရှိ​လာ​သည်။ ရန်ကုန်​မြို့တော်​၏ လက်​ရှိ​လူ​ဦးရေ​ကို ခြောက်​သန်း​ဟု ဖော်​ပြ​နေ​တာ တွေ့​ရ​တယ်။ အမှန်​တကယ် ကောက်ယူ​ထား​သော စာရင်း​လား၊ ခန့်​မှန်း​စာရင်း​လား​တော့ မ​သိ။ လူ​ဦးရေ ခြောက်​သန်း​ရှိ မြို့တော်​ကြီး​တစ်​ခု ကြီး​ထွားဖွံ့​ဖြိုး​လာ​မှု​တွင် လူ​မှု​ပြဿနာ​တွေ များ​စွာ​ရှိ​လာ​ခဲ့​သည်။ ၁။ ဖြတ်​သန်း​ခဲ့​ရ​သော ခေတ်​စနစ် ၂။ မှားယွင်း​သော စီမံ​ခန့်​ခွဲ​မှု ၃။ အကျင့်​ပျက်​လာဘ်​စား​မှု​များ​သည် မြို့တော်​ကြီး​ကို က​မောက်​က​မ​ဖြစ်​စေသော အကြောင်း​တရား​များ ဖြစ်​သည်။

အားလုံး​သိ​ကြ​သည့်​အတိုင်း ယနေ့​ကျွန်တော်​တို့​နေထိုင်​သော မြို့တော်​ရန်ကုန်​မှာ ယာဉ်​ကြော​ပိတ်​ဆို့​မှု ပြဿနာ၊ အများ​ပြည်​သူ သယ်ယူ​ပို့ဆောင်​ရေး ပြဿနာ အပါအဝင် မြို့ပြ​တစ်​ခု​၏ အင်္ဂါ​ရပ်​နှင့် မ​ပြည့်စုံ​သော လျှပ်စစ်မီး၊ သောက်​သုံး​ရေ၊ လမ်း​တံတား၊ ဆက်​သွယ်​ရေး​လို​အပ်​ချက်​တွေ များ​စွာ​နှင့် ရင်ဆိုင်​နေ​ရ​သည်။ ၂​၀​၁​၁ ခု​နှစ်​နောက်​ပိုင်း မော်တော်​ယာဉ်​တင်​သွင်း​မှု ဖြေ​လျှော့ပေး​ပြီး​နောက်​ပိုင်း ရန်ကုန်​လမ်းပေါ်​မှာ မော်တော်​ယာဉ် မတန်​တ​ဆ တိုးပွား​လာ​သည်။ မော်တော်​ယာဉ် မတန်​တ​ဆ တိုးပွား​လာ​ခြင်း​နှင့်​ထပ်တူ ယာဉ်​စည်းကမ်း၊ လမ်း​စည်းကမ်း ပရမ်းပတာ​ဖြစ်​မှု​မှာ ဖြေ​ရှင်း​၍ မ​ရ​သော ပြဿနာ​တစ်​ခု​အဖြစ် ယနေ့​ရန်ကုန်​လူထု ရင်ဆိုင်​နေ​ရ​သည်။ အလွန်​ထိတ်လန့်​ဖွယ်​ကောင်း​သော အချက်​တစ်​ခု​မှာ ယာဉ်​တိုက်​မှု​ကြောင့် သေ​ဆုံး​သူ​ဦးရေ တစ်​နေ့​တခြား တိုးပွား​လာ​ခြင်း​နှင့် သေ​ဆုံး​ခဲ့​ရ​သူ​တို့​တွင် တိုင်း​ပြည်​အတွက် အလုပ်​အကျွေး​ပြု​နိုင်​သေး​သည့် လူ​ငယ်​လူ​လတ် ပညာ​တတ်​များ ပါဝင်​နေ​ခြင်း​ဖြစ်​သည်။ နေ့စဉ်​သတင်းစာ​များ​တွင် ယာဉ်​တိုက်​မှု​သ​တင်း​များ နေ့စဉ်​နီး​နီး ပါဝင်​နေ​ပြီး အသက်​ဆုံးရှုံး​မှု​လည်း နေ့စဉ်​နီး​နီး ဖြစ်​နေ​သည်။ လမ်း​ကို အသုံးပြု သွား​လာ​နေ​သူ​တိုင်း အသက်​အန္တရာယ် မ​ကင်း​သည့် အခြေအနေ​မျိုး ဖြစ်​နေ​သည်။

မော်တော်​ယာဉ် များပြား​လာ​မှု၊ ယာဉ်​ကြော​ပိတ်​ဆို့​မှု​မှာ အကြောင်း​တရား​တစ်​ခု​ဟု​ဆို​လျှင် မော်တော်​ယာဉ် အသုံးပြု​သူ​များ​၏ စည်းကမ်း​မဲ့​မှု၊ လမ်း​အသုံးပြု​သူ​များ​၏ စည်းကမ်း​မ​လိုက်နာ​မှု​တို့​မှာ​လည်း ယာဉ်​စည်းကမ်း​လမ်း​စည်းကမ်း ပရမ်းပတာ​ဖြစ်​မှု​ကို ထပ်​ဆောင်း​ပေး​သည့် အကျိုး​တရား​ဖြစ်​သည်။ တစ်​ဆက်​တည်း​မှာ​ပင် ခေတ်​အဆက်ဆက်​မြို့ပြ စီမံ​ခန့်​ခွဲ​သူ​တို့​၏ အားနည်း​ချက်​မှာ​လည်း ယနေ့ ရန်ကုန်မြို့​ကြီး ရင်ဆိုင်​နေ​ရ​သော ပြဿနာ​တစ်​ခု​ဖြစ်​သည်။ နှစ်​ပေါင်း ၅​၀ ကျော် အာဏာ​ရှင်​စနစ်​ဖြင့် အုပ်ချုပ်​ခဲ့​ရာ​တွင် ပထမ ၂​၆ နှစ်​မှာ တိုင်း​ပြည်​စီးပွား​ရေး ချွတ်​ခြုံ​ကျ​ခဲ့​၍ ဒုတိယ ၂​၄ နှစ်​မှာ စစ်​အာဏာ​ရှင်​စနစ်​၏ လွဲ​မှား​သော​တစ်​ချက်​လွှတ်​အမိန့်​ပေး စီမံ​ခန့်​ခွဲ​မှု​ကြောင့် ယနေ့​မြို့တော်​ရန်ကုန်​မှာ ချုံး⁠ချုံး​ကျ​ခဲ့​ရ​သည်။

၁​၉​၆​၂ ခု​နှစ်​လွန် မြို့တော်​ရန်ကုန် ရှု​ခင်း​များ​ကို ကြည့်​ရှု​လျှင် ရန်ကုန်​မြို့တော်​သည် အတော်​အတန် သပ်ရပ်​နေ​သေး​သည်​ကို တွေ့​ရ​သည်။ မြို့​လယ်​မှာ ယာဉ်​ကြော​ရှုပ်​ထွေး​မှု မ​ကြီးမား​သေး​သ​လို နိုင်​လွန်​ကတ္တ​ရာ​လမ်း​တွေ​က ဖြောင့်⁠ဖြောင့်​ဖြူး​ဖြူး ရှိ​လှ​သည်။ လူ​သွား​ပ​လက်​ဖောင်း​တွေ ကျယ်​ကျယ်ဝန်း​ဝန်း​ရှိ​ပြီး (လမ်း​ဘေး​ဈေးသည်​များ ရှိသော်​လည်း) ရှုပ်⁠ရှုပ်​ထွေး​ထွေး မ​ရှိ​လှ​ပါ။ ရေ​နုတ်​မြောင်း​တွေ၊ ပ​လက်​ဖောင်း​တွေ အတော်​ကလေး သပ်သပ်​ရပ်​ရပ် ရှိ​နေ​သေး​ရုံ​မက ရန်ကုန်​ည​များ​မှာ လျှပ်စစ်မီး​ထိန်⁠ထိန်​နှင့် နေ​ချင်​စ​ဖွယ်​မြို့တော်​ကြီး ဖြစ်​ခဲ့​သည်။ ဒုတိယ​ကမ္ဘာ​စစ် မ​တိုင်​မီ​က အရှေ့တောင်​အာ​ရှ​တွင် အလှ​ပ​ဆုံး​ဖြစ်​ခဲ့​သော ရန်ကုန်​မြို့တော်​၏ ဓာတ်​ပုံ​ဟောင်း​များ​ကို ယနေ့​တိုင် တွေ့​မြင်​နိုင်​ပါ​သေး​သည်။ တော်​လှန်​ရေး​အစိုးရ တက်​ပြီး​နောက်​ပိုင်း တ​ဖြည်း​ဖြည်း ယိုယွင်း​လာ​ခဲ့​သော မြို့တော်​ရန်ကုန်​သည် ၁​၉​၈​၈ ခု​နှစ် အရေး​အခင်း နောက်​ပိုင်း​တွင်​မှာ​တော့ လုံး⁠လုံး​ပျက်စီး​သွား​သည့် အခြေအနေ​ကို ရောက်​ရှိ​သွား​သည်။ ခေတ်​အဆက်ဆက် ရန်ကုန်​မြို့တော်​ဝန်​တို့​သည် မြို့တော်​စည်ပင်​သာယာ​ရေး​ကို တာဝန်​ယူခဲ့​ကြသော်​လည်း ၁​၉​၈​၈ နောက်​ပိုင်း တာဝန်​ယူခဲ့​ကြ​သူ​တို့​၏ လွဲ​မှား​သော စီမံ​ခန့်​ခွဲ​မှု၊ အကျင့်​ပျက် ခြ​စား​မှု​တို့​ကြောင့် မြို့တော်​ကြီး​မှာ ပရမ်းပတာ​အသွင် ဆောင်​လာ​သည်။ ယနေ့​အချိန်​မှာ အဆိုး​ဆုံး​အချိန်​ဟု ဆို​နိုင်​သည်။

လမ်း​ဘေး​ဈေးသည်​များ​ကြောင့် မြို့တော်​အလှ ပျက်​ရ​ခြင်း​အတွက် လမ်း​ဘေး​ဈေးသည် ရှင်းလင်း​ရေး​ကို မ.ဆ.လ ခေတ်​ကတည်းက လုပ်ဆောင်​ခဲ့​ရာ ယနေ့​အထိ မ​အောင်မြင်။ ယခု​အချိန်​တွင် အချိန်​အတိုင်း​အတာ​တစ်​ခု သတ်​မှတ်​ပြီး ဈေးရောင်း​ချ​ခွင့်​ပြု​ကာ ဖြေ​ရှင်း​ပေး​ထားသော်​လည်း စည်းကမ်း​မဲ့​ဈေးသည်​များ​ကို ယခု​အချိန်​ထိ မ​ရှင်း​နိုင်။ မော်တော်​ယာဉ် တိုးပွား​လာ​ပြီး ယာဉ်​ကြော​ပိတ်​ဆို့​မှု ကြီး​ထွား​လာ​သော​အခါ လမ်း​ဘေး​ပ​လက်​ဖောင်း​များ​ကို​ဖြို​၍ လမ်း​ချဲ့ထွင်​ရေး စီမံ​ကိန်း​ကို ယခု​နှစ်​များ​အတွင်း အကောင်​အထည်ဖော်​နေ​တာ တွေ့​ရ​သည်။ လူ​သွား​ပ​လက်​ဖောင်း ဧ​ရိ​ယာ​က န​ဂို​ကတည်းက သိပ်​မ​ကျယ်​လှ​တော့​ရုံ​မက လမ်းလျှောက်​၍​မ​ရအောင် ဈေးသည်​တွေ​က ပိတ်​ဆို့​ထား​ရာ ယခု​ပ​လက်​ဖောင်း​တွေ​ကို ထပ်​ပြီး​ဖဲ့​ကာ လမ်း​ချဲ့​နေ​သည်မှာ မြို့တော်​၏​အလှ​ကို ပို​အကျည်းတန်​သွား​အောင် လုပ်​နေ​သ​လို​မျိုး​ဟု ခံစား​ရ​သည်။ ပ​လက်​ဖောင်း​တွေ​ဖဲ့​၍ လမ်း​ချဲ့​လိုက်သော်​ငြား​လည်း လမ်း​အသုံးပြု​နိုင်​သည့် ဧ​ရိ​ယာ​က တိုး​ပြီး​ကျယ်​မ​လာ။ ထို​နေရာ​မှ ဈေးသည်​တွေ​က​ပဲ နေရာ​ထပ်​ယူထား​သည်။ ယာဉ်​ရပ်နား​ဖို့​လမ်း​ချဲ့​တာ ဖြစ်သော်​လည်း ဈေးသည်​တွေ ဈေး​ခင်း​ဖို့​လုပ်​ပေး​နေ​သ​လို​မျိုး​သာ ဖြစ်​ခဲ့​သည်။

ဆိုးရွား​သော​အချက်​မှာ မြို့တော်​၏ ပကတိ​အလှ​များ ပျက်စီး​သွား​ခြင်း​ဖြစ်​သည်။ မော်တော်​ယာဉ်​တွေ တိုးပွား​လာ​ပြီး ယာဉ်​ကြော​ကျပ်​သ​ဖြင့် ပ​လက်​ဖောင်း​တွေ​ကို​ဖဲ့​ချ​ကာ လမ်း​ချဲ့ထွင်​ခြင်း မဟာ​ဗျူဟာ​မှာ “ဖိနပ်​နှင့်​ခြေထောက် မတော်​၍ ဖ​နောင့်​ကို​လှီးဖြတ်” သည့် ဥပမာ​လို ဖြစ်​နေ​သည်။ ယခု​ဆို​လျှင် ရန်ကုန်​မြို့တော်​တစ်​ခု​လုံး ပ​လက်​ဖောင်း​တွေ ဖြိုဖျက်​ပြီး လူ​တစ်​ကိုယ်​သွား​ရုံ ပ​လက်​ဖောင်း​ကျဉ်း​ကျဉ်းပေါ်​မှာ ဈေးသည်​တွေ​နှင့် တွန်း​တိုက်​ပြီး လူ​တွေ​ခက်​ခက်ခဲ​ခဲ သွား​လာ​နေ​ကြ​ရ​သည်။ ရန်ကုန်​လမ်း​များပေါ်​မှာ စည်းကမ်း​မဲ့​သော ဈေးသည်​တွေ​က ထို​ပ​လက်​ဖောင်း ကျဉ်း​ကျဉ်းပေါ်​မှာ ဆိုင်ခင်း​နေ​ကြ​ပြီး ခရီးသွား​တွေ​က ကား​ကြို​ကား​ကြား လမ်းပေါ်​ဆင်း​လျှောက် နေ​ကြ​ရ​သည်။ လမ်းပေါ်​မှာ စည်းကမ်း​မဲ့​ခရီးသည်​တင် ယာဉ်​ကြီး​တွေ၊ ပ​လက်​ဖောင်းပေါ်​မှာ စည်းကမ်း​မဲ့​ဈေးသည်​တွေ…။ ရန်ကုန်​မြို့တော်​၏ မြင်​ကွင်း​မှာ အလွန်​ရုပ်​ဆိုး အကျည်းတန်​နေ​တော့​သည်။ မြို့တော်​ကြီး​ကို မည်​သည့်​စီမံ​ခန့်​ခွဲ​မှု​ဖြင့် ပုံဖော်​နေ​ကြ​သည်​တော့ မ​သိ​ပါ။ မြို့​လယ်​ပ​လက်​ဖောင်း​များ​မှာ ခေတ်​အဆက်ဆက် ဘယ်​တော့​မှ ခင်း​လို့​မ​ပြီး​သော အခြေအနေ​မှာ ရှိ​သည်။ ပြီး​ခဲ့​သည့်​တစ်​နှစ်​က မြို့​လယ်​ကောင် မ​ညီမ​ညာ ခနော်​နီ​ခနော်​နဲ့ ပ​လက်​ဖောင်း​ကျောက်ပြား​များ​ကို ရှင်း​ထုတ်​ပြီး ကွန်​က​ရစ်​များ​ဖြင့် ညီညာ​အောင် ခင်း​ခဲ့​သည်။ ဒီ​တစ်​ခါ​တော့ ပ​လက်​ဖောင်း​တွေ ညီညာ​ပြီ​ဟု အောက်မေ့​ခဲ့​သည်။ ယခု​ထို ပ​လက်​ဖောင်း​များ​ကို တစ်​ခါ​ထပ်​ဖဲ့​ပြီး နောက်ထပ်​ပ​လက်​ဖောင်း​အသစ် လုပ်​နေ​ပြန်​ပါ​ပြီ။ မြို့​လယ်​လမ်း​များ နိုင်​လွန်​ကတ္တ​ရာ ခင်း​ထားသော်​လည်း ဖု​သည့်​နေရာ​ဖု၊ ဖောင်း​သည့်​နေရာ​ဖောင်း၊ မ​ညီမ​ညာ။ ခနော်​နီ​ခနော်​နဲ့ ပ​လက်​ဖောင်းပေါ်​မှာ ဈေးသည်​မျိုး​စုံ​က အပိုင်​စီး နေရာ​ယူထား။

ဂျပန်​နိုင်ငံ​၏ နိုင်ငံ​တကာ ပူးပေါင်း​ဆောင်ရွက်​ရေး​အဖွဲ့ (JICA) က ရန်ကုန်​မြို့တော် လှပ​သာယာ​ရေး​အတွက် ဘတ်ဂျက်​ငွေ အမြောက်အမြား အကူအညီ​ပေး​နေ​ကြောင်း သိ​ရ​သည်။ မြို့တော်​စည်ပင်​သည် JICA ၏ အကူအညီ​ဖြင့် လမ်း​တွေ​ကို​ချဲ့၊ ပ​လက်​ဖောင်း​တွေ​ကို​ဖဲ့၊ လမ်းခင်း​သည့်​အလုပ်​တွေ​ကို မ​ရပ်​မ​နား ပြုလုပ်​နေ​သည်။ သို့သော် မြို့တော်​ကြီး​က အကျည်းတန်​နေ​ဆဲ။ ည​ဘက်​ဆို​လျှင် မြို့​လယ်​အထင်​ကရ ဆူးလေ​ဘုရား​လမ်း​သည်​ပင် လျှပ်စစ်မီး​မ​လင်း​ပါ။ မြန်မာ​နိုင်ငံ​ရေး အပြောင်း​အလဲ​နှင့်​အတူ နိုင်ငံ​ထဲ​သို့ ကမ္ဘာ​လှည့်​ခရီးသွား အမြောက်အမြား ဝင်​လာ​ကြ​သည်။ သူ​တို့​က မြန်မာ​ပြည်​ကို ကြည့်​ချင်​သည်။ ရန်ကုန်မြို့​ကြီး​ကို ကြည့်​ချင်​သည်။ သူ​တို့​စိတ်ကူး​ထဲ​က ရန်ကုန်မြို့​ကြီး​နှင့် ယခု​တွေ့​မြင်​နေ​ရ​သော ရန်ကုန်မြို့​ကြီး အတော်​ကွာ​ခြား​နေ​မည်​က သေချာ​သည်။ ယနေ့ ရန်ကုန်မြို့​ကြီး​သည် စစ်​ကြီး​ပြီး​စ ပရမ်းပတာ​ဖြစ်​နေ​သော မြို့​ပျက်​ကြီး​တစ်​ခု​လို။

Credit to Eleven Media

Share Button

Click here to submit your review.


Submit your review
* Required Field

aaaa aaaa ssss SKU ss UPC asf Model ss

adadf

Mar 19, 2014 by ass

asdfasdfasdfasdfadfadfadsfasfaf


3.0 3.0 1 1 asdfasdfasdfasdfadfadfadsfasfaf aaaa

No Tags

1337 total views, 4 today

  

Leave a Reply

  • shame

    Shameful Mistake

    by on 2014年1月8日 - 0 Comments

    အမှား​တွေ၊ အလွဲ​တွေ

  • enlightenment

    ရင်လေး​ဖွယ်ရာ အနာဂတ်​သာသနာ

    by on 2014年2月6日 - 0 Comments

    တစ်​နေ့​က ‘ဘ​ဂ​ဝါ ယူ​နိုက်​တက်စ်​အက်ဖ်​စီ’ လို့ နာမည်​တပ်​ထား​တဲ့ အီးလ်​မေးလ် တစ်​စောင် ဦး​ပဥ္စင်း​ဆီ ရောက်လာ​ပါ​တယ်။

  • chinatown

    တရုတ်တန်း​က စစ်ကိုင်း​လမ်း

    by on 2014年2月7日 - 0 Comments

    လမ်း​ထဲ​သို့ ချိုး​ဝင်​လိုက်​သည်​နှင့် အကင်ညှော်​နံ့​များ​က နှာသီး​ဝ​ကို​လာ​ရောက်​ကျီစယ်​သည်။ ကား​တစ်​စီး​လွတ်​ရုံ​လမ်း​လေး​ထဲ ခင်းကျင်း​ထား​သည့် စားပွဲ​ဝိုင်း​...

  • coffee

    အဆိပ်​သင့်​အနမ်း​များ

    by on 2013年11月15日 - 0 Comments

    Written by ရွှေ​ရည် ကော်​ဖီ​ဆိုင်​ဟု အမည်တပ်​ထား​သော ဆိုင်​လေး​ထဲ​သို့ ဆယ်ကျော်​သက် စုံ​တွဲ​တစ်​တွဲ ဝင်​ရောက်လာ​ပြီး “အခန်း​ရှိ​သေး​လား” ဆို​သော​အသံ​က ဆယ်ကျေ...

  • yangon_view_south

    Yangon Dream

    by on 2014年3月5日 - 0 Comments

    (Written by: ချစ်​ဝင်း​မောင်) နှစ်​ပေါင်း ၂​၀ ကျော် ကာလ​အတွင်း ကျွန်တော်​နေထိုင်​ရာ အရပ်​သည် မ​ယုံကြည်​နိုင်​လောက်​ဖွယ် အံ့​မ​ခန်း ပြောင်းလဲ​သွား​ခဲ့​သည်။ နေ...